ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Sunday 16 November 2014

ခေါင်းဆောင်တိုင်းရဲ့ အထူးလိုအပ်ချက် (မှန်ကန်သော စိတ်ထားပျိုးထောင်းခြင်း) ဖူးကျော်ဇင် (Future Wave) vol.2,no.32


ခေါင်းဆောင်မှုဆိုတာ လွှမ်းမိုးတာ ဖြစ်ပါတယ်။
 နှာစေးချောင်းဆိုးတာဟာ အနီးကပ်နေတဲ့သူတွေကိုကူးစက်စေသလိုပါပဲ။
 ခေါင်းဆောင်ရဲ့ အတွေး စိတ်ကူးတွေဟာ တခြားလူတွေအပေါ် လွှမ်းမိုးနိုင်ပါတယ်။ လူတွေဟာ သူတို့ကို ဦးဆောင်သူရဲ့ စိတ်နေသဘောထားကို အတုယူတတ်ကြပါတယ်။  ဒါကြောင့် ခေါင်းဆောင်တစ်ယောက် အနေနဲ့ဘယ်လိုစိတ်နေစိတ်ထားမျိုး ရှိသလဲ ဆိုတဲ့အချက်ကသိပ်ကို အရေးကြီးတဲ့ကိစ္စပါ။ ခေါင်းဆောင်ရဲ့ စိတ်နေစိတ်ထားမမှန်ရင်သူဦးဆောင်တဲ့ လူတွေကလည်း စိတ်ထားမှန်မှာ မဟုတ်ပါဘူး။

    ဘောလုံးတစ်လုံးနဲ့ နံရံကို ပစ်ပေါက်လိုက်ရင် ပစ်လိုက်တဲ့အားနဲ့ ညီမျှတဲ့ တန်ပြန်မှုဟာ ဘောလုံးပစ်သူဘက်ကို ပြန်လာပါတယ်။ လုပ်ရပ်နဲ့ တန်ပြန်အကျိုးသက်ရောက်မှုတို့ဟာ အားညီမျှတယ်ဆိုတဲ့ နိယာမဟာ ရူပဗေဒမှာရှိပါတယ်။
 ဒီ နိယာမဟာ လူအချင်းချင်း လွှမ်းမိုးမှုနယ်ပယ်မှာ လည်း မှန်ကန်လှပါတယ်။ တကယ်တော့ ခေါင်းဆောင် ရဲ့ လွှမ်းမိုးမှုနဲ့ တန်ပြန်ဖြစ်ပေါ်လာ တဲ့အားဟာ  ပိုပြင်းထန်ပါတယ်။ ခေါင်းဆောင် တစ်ယောက် ရဲ့ လုပ်ရပ်ဟာ ပိုမိုပွားများလာနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ခေါင်းဆောင်မှာ နောက်လိုက်တွေ အများကြီးရှိတဲ့အတွက်ကြောင့် ပါပဲ။ ပေးလိုက်တဲ့ အပြုံးတစ်ချက်အတွက် အပြုံးတွေ အများကြီးပြန်ရလာနိုင် ပါတယ်။ ကူညီတဲ့သူကို အားလုံးက ပြန်ကူညီပေးတတ်ပါတယ်။ ပေးတဲ့ သူဟာ ပြန်လည်ရရှိနိုင်ပါတယ်။ ဒါဟာ နိယာမတရားပါပဲ။

    ခေါင်းဆောင်တိုင်းဟာ စိတ်သဘောထားကြီးမားမြင့်မြတ်ဖို့လို ပါတယ်။ ခေါင်းဆောင်တစ်ယောက် ရဲ့တာဝန်ဟာ မိမိရဲ့အကျိုးအတွက် ကြည့်ရမှာမဟုတ်ဘဲ အများအကျိုး အတွက် ရှေးရှုဆောင်ရွက်ရမှာဖြစ်ပါ တယ်။ ရယူဖို့ထက် ပေးဆပ်ဖို့ကို  စိတ်အားထက်သန်ရပါမယ်။
 ခေါင်းဆောင် ရဲ့အဖွဲ့အစည်းပေါ် စေတနာထက်သန်စွာနဲ့ ပေးဆပ်မှု ဟာတန်ပြန်ရလာတဲ့ အခါမှာလည်း အဆပေါင်းများစွာ ရရှိလာတတ်ပါတယ်။ ဒီလိုပါပဲခေါင်းဆောင်တစ်ယောက်ရဲ့ ညံ့ဖျင်းတဲ့ အဖျက်သဘောစိတ် ထားတွေဟာအဖွဲ့အစည်း ပေါ်ကိုလုံးဝသက်ရောက်မှုဖြစ်စေပါတယ်။  တန်ပြန်ရရှိလာမယ့် အဖျက်သဘောဆောင်တဲ့ ရလဒ်တွေ ကလည်းနည်းမှာ မဟုတ်ပါဘူး။

    ခေါင်းဆောင်ရဲ့ စိတ်နေသဘောထားဟာ နောက်လိုက်တွေရဲ့ စိတ်နေသဘောထားကို ပေးနိုင်ပါတယ်။ နောက်လိုက်တွေရဲ့ စိတ်နေ သဘောထားဟာ အဖွဲ့အစည်းရဲ့ တိုးတက်မှု၊ ကျဆုံးမှုတွေအပေါ် သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ခေါင်းဆောင်တွေမှာ မှန်ကန်တဲ့ စိတ်နေ စိတ်ထားမရှိဘဲနောက်လိုက်တွေကို ဘယ်လိုမှ စီမံအုပ်ချုပ်နိုင် မှာမဟုတ် ပါဘူး။   နောက်လိုက်တွေကို ကောင်းစွာဦးဆောင်မှုမပေးနိုင်ရင် အဖွဲ့ဟာ စည်းလုံးညီညွတ်မှု ရှိမှာမဟုတ်ဘဲ ဦးတည်ရာပန်းတိုင်ကို ရောက်အောင်  အကောင်ထည် ဖော်နိုင်မှာမဟုတ်ပါဘူး။

    ဒါကြောင့် အောင်မြင်လိုတဲ့ ခေါင်းဆောင်တိုင်းဟာ မိမိရဲ့ စိတ်နေစိတ် ထားကို အထူးဂရုစိုက် သုံးသပ် စစ်ဆေးပြီး ကောင်းသ ထက်ကောင်းအောင်ပြုပြင်ပြောင်းလဲနေဖို့အရေးကြီးပါတယ်။ လူတွေဟာ သူတို့တွေရဲ့ ပုံရိပ်အမြင်တွေလှပတင့်တယ်အောင် အလှပြင်ခန်းမတွေ၊  အားကစားခန်းမတွေမှာ အချိန်တွေ၊ ငွေတွေအကုန်ခံ ပြီးပြုပြင်ကြပါတယ်။
  ဒါပေမဲ့ စိတ်နေစိတ်ထားကိုတော့ အချိန်တွေ၊ ငွေတွေပေးပြီး ပြုပြင်ဖို့ လျစ်လျူရှုထားကြပါတယ်။
ဖွံ့ဖြိုးတိုးတက်အောင်အလှမဆင်ကြပါဘူး။ ရုပ် ကိုပြင်သလို စိတ်နေစိတ်ထားကို လည်း အထူးပြုပြင်သင့်ပါ တယ်။ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ မှန်ကန်တဲ့ စိတ်နေစိတ်ထားတွေ ဖြစ်လာဖို့အရင်ဆုံး အချိန်ပေးပြုပြင်ပြောင်း လဲထား သင့်ပါတယ်။  မိမိကိုယ်ကိုမှမစီမံ မအုပ်ချုပ်နိုင်ရင် လူအများကို စီမံအုပ်ချုပ် ဖို့လည်း လုံးဝမဖြစ်နိုင်ပါဘူး။ မိမိစိတ်ကိုမှ ကောင်းမွန်လာအောင်  မပြုပြင်နိုင်ဘူးဆိုရင် သူတစ်ပါးတွေရဲ့ စိတ်နေစိတ်ထားတွေကို ဘယ်လိုမှပြုပြင်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ မိမိကိုယ်ကို အရင် ဆုံးပြုပြင်ပါ။ မိမိစိတ်ကို အရင်ဆုံးပြောင်းလဲပါ။

    ပြုပြင်မှုတွေများများလုပ်နိုင်မှ ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမှ တိုးတက်လာမှာဖြစ်ပါတယ်။ တိုးတက်မှုတွေဖြစ်ပေါ် လာမှအောင်မြင်မှုတွေရရှိလာမှာပါ။ စိတ်နေစိတ်ထားတွေကို အကောင်း ဆုံးပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် နေ့စဉ်နေ့ တိုင်းလုပ်ဆောင်ရမယ့် အချက်တွေရှိပါတယ်။

၁.    မှန်ကန်ကောင်းမွန်တဲ့ စကား ကိုသာ ပြောပါ

    မှန်ကန်ကောင်းမွန်တဲ့စကား ပြောဆိုခြင်းကို နေ့တိုင်းလုပ်ဖို့ လို ပါတယ်။ တစ်ကြိမ်တစ်ခါပြောတာမျိုး၊တစ်ခါတလေပြောတာမျိုးမဟုတ်ဘဲ  ထပ်ခါထပ်ခါ  မှန်တဲ့စကား၊ ကောင်းတဲ့စကားတွေကိုပြောဆိုနေဖို့ဖြစ် ပါတယ်။ အဲ့ဒီ အလေ့အကျင့်များလာတဲ့အခါ သင့်ဘ၀ဟာ ပိုမိုကောင်းမွန် လာပြီး နောက်လိုက် လူအများရဲ့ ယုံကြည်ကိုးစားခြင်းတွေရရှိလာမှာမလွဲ ပါဘူး။ ဟုတ်မဟုတ်ကို လေ့ကျင့်နေရင်း စောင့်ကြည့်ပါ။

၂.    မှန်ကန်ကောင်းမွန်တဲ့ စာ အုပ်စာပေတွေကို ဖတ်ပါ

    စာအုပ်စာပေတွေဟာ အသိပညာတိုးပွားခြင်းရဲ့ အရင်းအမြစ်တွေပါပဲ။ မှန်ကန်ကောင်းမွန်တဲ့ စာပေတွေဟာ မှန်ကန်ကောင်းမွန်တဲ့ အသိပညာတွေ ကို ပေးပါတယ်။ မှားယွင်းတဲ့အသိပညာဟာကြောက်စရာကောင်းပါတယ်။  အသိမှား၊ အမှတ်မှား၊ အယူမှားခြင်းမျိုး မဖြစ်ရအောင် မှန်ကန်တဲ့ စာကောင်းပေကောင်းတွေအဆက်မပြတ် ဖတ်ရှုနေဖို့လိုအပ်ပါတယ်။ စာဖတ် တဲ့လူတိုင်း ခေါင်းဆောင်ဖြစ် မယ်လို့မဆိုနိုင်ပေမယ့်ခေါင်းဆောင်ဖြစ်နေ သူတိုင်းကတော့ စာဖတ်ကြတဲ့သူတွေပါပဲ။

၃.    မှန်ကန်ကောင်းမွန်တဲ့ အသိပညာပေးအခွေတွေကို နားထောင်ပါ

     ကိုယ့်အဖွဲ့အစည်းကို အထောက်အကူပြုစေမယ့်အသံသွင်း အခွေတွေ၊ ဟောပြောပွဲ အခွေတွေကို နားထောင်ဖို့ လိုအပ်ပါ တယ်။ ခေါင်းဆောင်တစ်ယောက်ဟာ မိမိ ကိုယ်ကို စဉ်ဆက်မပြတ်ပြည့် ၀နေအောင်ဖြည့်ဆည်းထားနိုင်မှ လူအများကို ဦးဆောင်နိုင်မှာဖြစ်ပါတယ်။ မှန်ကန်တဲ့ အသိဥာဏ်နဲ့ ကောင်းမွန်တဲ့ နှလုံးသားတွေ ကိုဖြစ်စေမယ့် တရားဓမ္မတွေ၊ အဆုံးအမ တွေကိုလည်း အချိန်ယူနားထောင် သင့်ပါတယ်။ ဒီလိုနားထောင်ခြင်းဟာ သင့်စိတ်နေစိတ်ထားကို မြင့်မားသ ထက်မြင့်မားလာအောင် ပျိုးထောင်နေခြင်းပါပဲ။

၎.    မှန်ကန်ကောင်းမွန်တဲ့ လူတွေနဲ့သာမိတ်ဆွေဖွဲ့ပေါင်းသင်းပါ

    ဒီကိစ္စဟာ သိပ်ကိုအရေးကြီးတဲ့အရာပါပဲ။ အဖွဲ့အစည်းတစ်ခု ကိုအောင်မြင်စွာဦးဆောင်နိုင်ဖို့ လူတော်တွေသာမက လူကောင်းတွေပါသိပ် လိုအပ်ပါတယ်။ ကိုယ့်အပေါ်မှာ မှန်မှန်ကန်ကန်နဲ့ သစ္စာရှိရှိ ပေါင်းသင်းနိုင် တဲ့ မိတ်ဆွေဆိုတာ စိန်ရွှေငွေတွေထက် တန်ဖိုးရှိပါတယ်။ မှန်ကန်ကောင်း မွန်တဲ့ လူတွေဟာ တိုးတက်ရာတိုးတက်ကြောင်းတွေအတွက်အထောက် အကူပြုပါတယ်။ ကိုယ့်မှာအားနည်းချက်တွေရှိလာရင်လည်း သူတို့ကဖြည့် ဆည်းပေးပါတယ်။ မှန်ကန်ကောင်းမွန်တဲ့ လူတော်လူကောင်း တွေနဲ့ သင့်ကိုယ်သင်ခြံရံထားနိုင်မယ်ဆိုရင် အများကြီးတိုးတက်ပြောင်းလဲမှုတွေဖြစ် လာမှာပါ။

၅.    မှန်ကန်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ပါ

    ပတ်ဝန်းကျင်ဟာ စိတ်နေစိတ်ထားတွေကို လုံးဝပြောင်းလဲသွားစေနိုင် ပါတယ်။ မှန်ကန်တဲ့ပတ်ဝန်းကျင်မှာနေရင် မှန်ကန်တဲ့စိတ်ထားတွေဖြစ်လာ မယ်။ မှားယွင်းတဲ့ ပတ်ဝန်းကျင်ဟာ မှားယွင်းတဲ့ စိတ်တွေ၊ အတွေး အခေါ်တွေကိုဖြစ်စေပါတယ်။ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး ဆိုသလို ပတ်ဝန်းကျင်ဟာ ကိုယ့်ဘ၀တစ်ခုလုံးကို ပြောင်းလဲပေးနိုင်ပါတယ်။ သတိထားပါ။ ပတ်ဝန်းကျင်ဟာ အရောင်ဆိုးပေးနိုင်တယ်။ လွှမ်းမိုးနိုင်တယ်။ ဒါကြောင့်မှန်ကန်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခြင်းဟာမှန်ကန်တဲ့ လွှမ်းမိုးမှုတွေကို ခံရမှာဖြစ်ပြီး အလျင်မြန်ဆုံး ပြောင်းလဲတိုးတက်လာမှာဖြစ် ပါတယ်။

၆.    မှန်ကန်ကောင်းမွန်တဲ့ အ တွေးတွေကို မွေးမြူပါ

    သင်တွေးနေတဲ့အတိုင်း ဖြစ်လာမှာပါပဲ။ သင့်အဖွဲ့အစည်းကဖြစ် လာမှာပါပဲ။ ဒီတော့ဘာတွေ တွေးမလဲ။ မကောင်းတဲ့ အတွေး တွေဟာ မကောင်းတဲ့ ရလဒ်တွေ ဖြစ်လာမှာပါ။ မဖြစ်နိုင်ဘူး၊ မလုပ်နိုင်ဘူး၊ အဆင်ပြေမှာ မဟုတ်ဘူး၊ ဆုံးရှုံးသွားမလားစတဲ့ အတွေးဟာ လူတစ်ယောက်ရဲ့ စွမ်းအားတွေကို ကျဆင်းစေပါတယ်။ မလုပ်နိုင်ဘူး လို့ တွေးနေရင် မလုပ်နိုင်ပါဘူး။ လုပ်နိုင်တယ်လို့ တွေးနေရင် လုပ်နိုင် ပါတယ်။ ဘာတွေးတွေး တွေးတဲ့ အတိုင်းဖြစ်လာမှာပါပဲ။ ဒါကြောင့် မှန်ကန်ကောင်းမွန်တဲ့ အတွေးတွေ ကို အမြဲမွေးမြူထားဖို့ လိုပါတယ်။

၇.    မှန်ကန်ကောင်းမွန်တဲ့ လုပ် ရပ်တွေကို လုပ်ဆောင်ပါ

    မှန်တဲ့အရာတွေကို လုပ်ဖို့   (Do the Right Things) ဟာခေါင်းဆောင်တိုင်းရဲ့ တာဝန်ပါ။ မှန်ကန် တဲ့အရာတွေကို ကောင်း မွန်အောင်နေ့စဉ်လုပ်ဖို့ အထူးလိုအပ်ပါတယ်။ လုပ်ရပ်ကောင်းရင် ရလဒ်ကောင်းပါတယ်။ လုပ်ရပ်မှန်ရင် ရလဒ်မှန် ပါတယ်။ ဘယ်လုပ်ရပ်တွေ ဟာ မှားသလဲ မှန်သလဲ၊ လုပ်သင့်သလဲ မလုပ်သင့်ဘူးလဲ ဆိုတာ ကိုတော့ ဝေဖန်ပိုင်းခြားသိမြင်နိုင်ရပါလိမ့်မယ်။

    ဒီအချက်တွေကို မိမိရဲ့ ရုပ် တရားအလှအပအတွက်နေ့တိုင်း ပြုပြင် သလိုပဲ နေ့စဉ်လုပ်ရမှာဖြစ်ပါတယ်။ ဒီအချက်တွေကို လိုက်နာ လုပ်ဆောင်နေခြင်းဟာ မိမိကိုယ်ကို ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်အောင် တည်ဆောက်နေခြင်းပဲဖြစ်ပါတယ်။

Let's Fly Together!
ဖူးကျော်ဇင် (Future Wave)
ဆက်ဖတ်ရန် >>>