ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Monday 10 October 2011

ဘုရားကျောင်းဆောင်မှာ ညောင်ရေအိုးကို ဘာ့ကြောင့် “စုံ” မထားကြသလဲ

ဗုဒ္ဓဘာသာဝင်များအဖို့ အိမ်တိုင်း၌ ဘုရားကျောင်းဆောင်ကို အထွတ်အမြတ်ထားကာ ဘုရားရှင်အား ပူဇော်ကြပါသည်။ ပန်း၊ ရေ၊ဆီမီး၊ ဆွမ်း အစရှိသည်တို့ကို ကပ်လှူကြပါသည်။ ဤ၌ ဘုရားကျောင်းဆောင် ပေါ်၌ ကပ်လှူထားသော ပန်းတို့အား ညောင်ရေအိုးထိုးသောအခါ စုံမထားဘဲ သုံးလုံးတင်ကာ မဂဏန်းဖြင့် ပန်းကပ်ကြပါသည်။ ညောင်ရေအိုးကို စုံမထားဘဲ မအဖြစ်ထားရှိခြင်းမှာ အကြောင်းတော့ရှိပါလိမ့်မည်။
စုံ-မဆိုသည်မှာ ဂဏန်းအရေအတွက်ဖြစ်ပါသည်။ ဂန္ဓာရီအတတ်၊ ဗေဒင်ပညာအတတ် စသည်တို့နှင့် ဆက်စပ်ပတ်သက်နေမည်ဟုထင်မြင်ယူစဆရာရှိပါသော်ငြား ထိုအစွဲသည်ဘာသာရေးကိုပင် အခြေခံ ကြောင်း   လေ့လာတွေ့ရှိရပါသည်။ ဗုဒ္ဓဘာသာဝင်များအဖို့ သရဏဂုံသည် “သုံးပါး” ဖြစ်ပါသည်။ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာတို့ ဖြစ်ကြပါသည်။ မဟာယာန ဗုဒ္ဓဘာသာဝင်ဖြစ်သော ဂျပန်
ဗုဒ္ဓဘာသာတွင် “နမုစံဘိုး” ဟူ၍ အဓိပ္ပာယ်ထွက်ပါသည်။ “စံဘိုး” ဟူသည်မှာ “ရတနာ သုံးခု” ဟု အဓိပ္ပာယ်ရသည်။ ဂျပန်ဗုဒ္ဓဘာသာဝင်တို့လည်း ရတနာသုံးပါကိုပင် အထွတ်အမြတ်ထားကာ ကိုးကွယ်ပူဇော်ကြပါသည်။
ထို့ကြောင့် ဘာသာရေးကို လေ့လာကြည့်သောအခါ မ-ဂဏန်း ဖြစ်သည်။ “သုံး”ကို လွန်စွာ အလေးထားကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် မည်သည့်အကြောင်းအရာကို ပြောသည်ဖြစ်စေ သုံးကြိမ်ပြောပါမှ အတည်ဖြစ်သည်ဟူသော မဇ္ဈိမဒေသ၏ ဓလေ့သည်လည်း သုံးဂဏန်းကိုပင် အလေးအနက် ထားကြပါသည်။ ဘုရားရှင်လက်ထက်က ဆွမ်းပင့်လျှင် သုံးကြိမ်ပင့်ခြင်းမျိုး၊ ဘုရားရှင် ငြင်းပယ်သည်ကို သုံးကြိမ်တိတိ လျှောက်ထားခြင်းမျိုးလည်း ရှိခဲ့၏။ မိမိတို့ ဗုဒ္ဓဘာသာဝင်များအဖို့ ရတနာသုံးပါးကို ဦးထိပ်ထားလျက် ရတနာသုံးပါးကိုပူဇော်ပြီး
သရဏဂုံသုံးပါးကို တည်ဆောက်ပြီးသည့်သကာလ အမျှဝေရာတွင် သုံးကြိမ်ဝေကြ၏။ သာဓုခေါ်ရာတွင် သုံးကြိမ်ခေါ်ကြ၏။
သို့ဖြစ်၍ ဘုရားပန်းအိုးဖြစ်သော ညောင်ရေအိုးကိုလည်း သုံးလုံးထားခြင်း (စုံမထားခြင်း)ဖြစ်မည်ဟု ကောက်ချက်ပြုရပါလိမ့်မည်။



Ref: သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀)

No comments:

Post a Comment