"အပေါ့စွန့်ခြင်း အနုပညာ”
ရဝေနွယ် (အင်းမ)
တစ်ခါတုန်းက လက္ခဏာဗေဒင်ကျွမ်းကျင်တဲ့ လက္ခဏာဆရာတစ်ယောက်ရှိပါတယ်။ အထူးသဖြင့် ခြေရာကိုကျွမ်းကျင်တဲ့သူပါ။ ခြေရာတစ်ခုကို ကြည့်ရုံနဲ့လည်း ခြေရာရှင်ရဲ့ကံကြမ္မာ ကောင်းကျိုး ဆိုးပြစ်ကို ပြောဟောနိုင်ပါတယ်။
ဆက်ဖတ်ရန် >>>

တစ်နေ့တော့ ခရီးသွားရင်း လမ်းမှာ ခြေရာတစ်ခုကို တွေ့ရပါတယ်။
ခြေရာကိုစစ်ဆေးလိုက်တော့ ခြေရာမှာ ရှင်ဘုရင်ဖြစ်မယ့်လက္ခဏာ ပါနေတယ်ဆိုတာ
တွေ့လိုက်ရပါတယ်။ ဒါကြောင့်လက္ခဏာဆရာက “အင်း … သူ့ကို
ရှင်ဘုရင်ဖြစ်မယ့်အကြောင်း သွားဟောပြောလိုက်ရရင်တော့ ဘုရင်ဖြစ်တဲ့အခါ
ငါ့ကို ကောင်းကောင်းချီးမြှောက်မှာပဲ” ဆိုတဲ့ အတွေးကိုတွေးရင်း
ကိုယ့်စိတ်ကူနဲ့ကိုယ် ခြေရာနောက်ကို တကောက်ကောက်လိုက်ခဲ့ပါတယ်။
လိုက်ရင်းလိုက် ရင်းနဲ့ လမ်းဘေးတစ်နေရာရောက်တော့ ခြေရာရှင်က ကျင်ငယ်ကို
မတ်တပ်ရပ် လက်ကြားညှပ်ပြီး ပေါက်နေပါသတဲ့။
ဒီတော့ လက္ခဏာဆရာက သက်ပြင်ချရင်း ခေါင်းခါရင်းနဲ့ အပေါ့စွန့်တာပြီးတဲ့အထိ စောင့်နေပါတယ်။ ပြီးပြီ ဆိုမှ “မိတ်ဆွေက ဘာအလုပ်များလုပ်လဲ” လို့ မေးလိုက်ပါတယ်။ ခြေရာရှင်က “ဇာတ်ထဲမှာလိုက်ပါတယ်” လို့ ပြန်ဖြေပါတယ်။ လက္ခဏာဆရာက ဆက်ပြီး “ဇာတ်ထဲမှာ ဘာလုပ်လဲ” လို့မေးလိုက်တော့ “ရှင်ဘုရင်လုပ်ပါတယ်” လို့ ပြန်ဖြေလိုက်ပါသတဲ့။
လက္ခဏာဆရာက သက်ပြင်းတွေထပ်ချရင်း “မင့်မှာ ရှင်ဘုရင်ဖြစ်မယ့်လက္ခဏာတော့ ပါပါရဲ့၊ ဒါပေမယ့် ကျင်ငယ်စွန့်ပုံ နည်းမဟုတ်တာကြောင့် ရွှေထီးမပြောနဲ့ ထီးစုတ်တောင် ဆောင်းရမှာမဟုတ်ဘူး” လို့ ပြောလိုက်ပါ သတဲ့။
(သင်္ဂဇာ စကားပုံပေါင်းချုပ်)
သင်္ဂဇာဆရာတော်ဘုရားကြီးက ဒီပုံပြင်လေးကို ကိုယ်တိုင်ပဲဖန်တီးပြီးပြောခဲ့လေသလား၊ ဒါမှမဟုတ် အစဉ် အဆက်ဆက်ကရှိခဲ့တဲ့ မြန်မာ့ရိုးရာ ပုံပြင်တစ်ပုဒ်ကိုပဲ လက်ဆင့်ကမ်းပြောခဲ့လေသလား မသိပါဘူး၊ မြန်မာ့ ယဉ်ကျေးမှုကော နေထိုင်မှုပုံစံကော ကံကြမ္မာကောင်းကျိုး ဆိုးပြစ်တွေကော ဆင်ခြင်တွေးဆစရာတွေကော ရောပြွမ်း နေတဲ့ ပုံပြင်လေး တစ်ပုဒ်ပါ။
တကယ့်ရှင်ဘုရင်အစစ်ဆိုရင်တော့ ရာဇဣနြေ္ဒအပျက်ခံပြီး မတ်တတ်ရပ် လက်ကြားညှပ် ပေါက်မယ်တော့ မထင်ပါဘူး။ ခုတော့ သူတို့ဗေဒင်ဆရာတွေရဲ့အမြင်မှာ ယတြာကျေနေတယ်လို့ပဲ တွက်ဆတော့ မှာပါ။
ပုံပြင်တော့ ပုံပြင်ပါပဲ၊ ဒါပေမယ့် လက်တွေ့ဘဝနဲ့ နီးစပ်လွန်းပြီး ခေတ်အဆက်ဆက် ရှင်သန်နေမယ့် ပုံပြင်လေးတစ်ပုဒ်ပါ။ အတိတ်ကံအကျိုးပေးဖို့ ဘယ်လိုပဲပါခဲ့ပါခဲ့ ပစ္စုပ္ပန်ဘဝမှာ နေထိုင်မှုပုံစံမကျရင် အတိတ်ကံ လည်း အကျိုးပေးခွင့်မသာဘူးဆိုတဲ့သဘောပါ။ ဒါကိုထောက်ပြီး လူတစ်ယောက် ပစ္စုပ္ပန်ဘဝနေထိုင်မှုပုံစံကလည်း သိပ်ပြီးအရေးကြီးနေပါတယ်။ အပေါ့စွန့်ပုံ ပုံစံမကျတာကြောင့် ရှင်ဘုရင်နဲ့လွဲရတာတော့ မတန်လှပါဘူး။
လူတစ်ယောက်ရဲ့အဆင့်အတန်းကို သူ့ရဲ့အပြောအဆိုအပြုအမူတွေကိုကြည့်ပြီး ဆုံးဖြတ်လို့ရတဲ့ အနေအ ထားမှာရှိနေပါတယ်။ စိတ်ထဲမှာဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်းမထားဘဲ အပြင်လက်တွေ့မှာ ပြောချလိုက်မယ် ပြုမူချ လိုက်မယ်ဆိုရင် ကိုယ့်စိတ်ထဲမှာရှိနေတာကို ဖွင့်ပြောလိုက်သလို ဖြစ်ရုံမကဘဲ ကိုယ်ရဲ့ကံကြမ္မာကောင်းကျိုး ဆိုးပြစ် ကိုပါ ဖန်တီးလိုက်သလိုဖြစ်သွားပါတယ်။
တခါတလေများ ကိုယ့်ရဲ့မဆင်မခြင်ပြောဆိုမှုကြောင့် ဘဝအတွက် ကြီးမားတဲ့အခွင့်အရေးကြီးတွေ လွဲသွားရ တာတွေလည်း အများကြီးရှိတတ်ပါတယ်။ ဒါကြောင့် အပြောအဆိုအပြုအမူပိုင်းကို အထူးသတိထားရပါမယ်။ စိတ်ထဲမှာ မြုံထားဖို့မဟုတ်ပါဘူး။ စိတ်ထဲမှာမြုံထားရင် စိတ်ကပိုပင်ပန်းပါတယ်။
ပုထုဇဉ်ပီပီ စိတ်ထဲမှာဖြစ်တာတော့ ဖြစ်လိုက်တာပါပဲ၊ စိတ်ထဲမှာဖြစ်တာကို စိတ်ထဲမှာပဲ ရှင်းပစ်နိုင်ရပါမယ်။ ရှင်းပစ်နည်းတွေလည်း အများကြီးရှိနေတာပါ။ အချိန်ကာလလေးတစ်ခု စောင့်လိုက်တာတို့ ဆင်ခြင်တတ်သလို ဆင်ခြင်လိုက်တာတို့ ရှုမှတ်ပစ်လိုက်တာတို့ စသည်ဖြင့်အများကြီးပါ။
စိတ်ထဲမှာရှိတာကို ရှိတဲ့အတိုင်းပြောချလိုက်ရင် ခံရတဲ့သူက တစ်သက်လုံးမမေ့တော့ပါဘူး။ တစ်သက်တာ စိတ်ဒဏ်ရာ ရသွားတော့တာပါ။ မှားမှန်းသိလို့ ပြန်တောင်းပန်ပေမယ့်လည်း ပြန်ပြီးယုံကြည်မှု တည်ဆောက်လို့ မရတော့ပါဘူး။ ကြိုးတစ်ချောင်းပြတ်သွားလို့ ပြန်ဆက်တဲ့အခါ ဆက်ရာဆက်ထုံးလေးတော့ ကျန်နေခဲ့သလိုပါပဲ။ ကိုယ့်ရဲ့အပြောအဆို အပြုအမူကို အထူးသတိထားနေကာမှ တော်ကာကျတာပါ။
ကိုရင်စာသင်သားဘဝက ရန်ကုန် ဝိသုဒ္ဓါရုံမှာ ဥပုသ်နေ့ည ရောက်ပြီဆိုရင် ပဓာနနာယက ဆရာတော်ဖြစ်တဲ့ ဆရာတော်ဦးကောဏ္ဍညက သြဝါဒပေးလေ့ရှိပါတယ်။ သြဝါဒပေးတဲ့အခါ ရွှေကျင်ဆရာတော်ဘုရားကြီးရဲ့ ရွှေကျင် စည်းမျဉ်းစာအုပ်ကို အပိုဒ်လိုက် အပတ်စဉ်ဖတ်ပြသွားတာပါ။ အမြဲကြားနေရတာရယ် ဥပုသ်နေ့နားရမှာ မနားရတာ ရယ်ကြောင့် သိပ်ငြီးငွေ့တာပါပဲ။ (၉) နှစ်လောက်နေခဲ့တာဆိုတော့ သြဝါဒစည်းမျဉ်းတွေကို အလွတ်နီးပါးလောက်ကို ရနေတာပါ။
သိပ်ငြီးငွေ့ခဲ့တဲ့ ရွှေကျင်ဆရာတော်ဘုရားကြီးရဲ့ ရွှေကျင်စည်းမျဉ်းတွေကို အခုနေ ပြန်အာရုံပြုကြည့်လိုက် တော့ လက်တွေ့ဘဝထဲမှာ ကျင့်သုံးစရာတွေဖြစ်နေပါတယ်။
ဥပမာ များ (၈) များကို ပယ်ရမယ်ဆိုတဲ့ စည်းမျဉ်းသြဝါဒမျိုးပါ။
၁။ စကားများ
၂။ အရယ်များ
၃။ အအိပ်များ
၎။ အစားများ
၅။ နဝကမ္မများ
၆။ ပစ္စည်းများ
၇။ ရှင်ငယ်လူငယ်တို့နှင့် ရောနှောများ
၈။ အလယ်အာပတ်များ ဆိုတဲ့ များ (၈) များကို ပယ်ရမယ်တဲ့။
အဲဒီ များ(၈)များထဲကဆို စကားများတာလည်း မကောင်းသလို အစားများတာလည်း မကောင်းပါဘူး။ စကား များတော့ အမှားတွေပါတတ်သလို အစားများတော့လည်း ကျန်းမာရေးအတွက် မကောင်းပြန်ပါဘူး။ ဒါတွေဟာ လက်တွေ့ဘဝထဲမှာ အပြောအဆိုအပြုအမူပိုင်းနဲ့ပတ်သက်လို့ တကယ့်အသုံးချစရာတွေပါ။ ပြန်တွေးတိုင်း လွမ်းစရာ တွေချည်းပါပဲ။
ေ ရွှေကျင်ဆရာတော်ဘုရားကြီးရဲ့ သြဝါဒတွေထဲမှာ ကျယ်(၅)ပါးကိုပယ်ဖို့၊ ကြမ်း(၉)ပါးကိုပယ်ဖို့ စသည်တွေ လည်း ရှိပါသေးတယ်။ စကားပြောကျယ်၊ အရယ်ကျယ်၊ အခေါ်ကျယ် စသည်တွေနဲ့ စိတ်ကြမ်း၊ နှုတ်ကြမ်း၊ ကိုယ်ကြမ်း၊ အစားကြမ်း၊ အအိပ်ကြမ်း၊ အရယ်ကြမ်း စသည်တွေပါ။ တကယ့်လက်တွေ့ လူမှုဆက်ဆံရေး နယ်ပယ် ထဲမှာ ကျင့်သုံးလို့ရတဲ့ ကျင့်စဉ်တွေပါ။ စကားပြောကျယ် အခေါ်ကျယ်တွေကလည်း သိက္ခာရှိတဲ့လူတစ်ယောက် အတွက် နှုတ်ဣနြေ္ဒပျက်စေပါတယ်။ ကြားရတဲ့သူအတွက်လည်း နားပင်ပန်းလှပါတယ်။ အဝေးရောက်နေလို့ တဖက် လူကြားအောင် လှမ်းခေါ်ရတာမျိုးကျတော့ တမျိုးပါ။ စိတ်ကြမ်း နှုတ်ကြမ်းကိုလည်း ဘယ်သူကမှ မကြိုက်ပါဘူး၊ မိတ်ဆွေအဖြစ်လည်း ဘယ်သူမှမခင်ချင်ကြပါဘူး၊ စိတ်ပူလောင်လို့ပါ။ တစ်ယောက်တည်းတင် လောင်တာမဟုတ် ပါဘူး၊ ပတ်ဝန်းကျင်တစ်ခုလုံး လောင်တာပါ။ ရဟန်းတစ်ပါးအတွက် လူတစ်ယောက်အတွက် အပြောအဆို အပြုအမူ နဲ့ပတ်သက်လို့ ထောင့်စေ့အောင် သြဝါဒလမ်းညွှန်ပေးထားတာပါ။
ဆရာတော် ဦးကောဏ္ဍညက ရွှေကျင်ဆရာတော်ကြီးရဲ့ ဆုံးမသြဝါဒတွေတင်မကပါဘူး ဆရာတော့်အနေနဲ့ လည်း သီးခြားသြဝါဒပေးတတ်ပါသေးတယ်။ ဥပမာ “မင်းတို့တွေ ဖောဋ္ဌ်မရ ဓမ္မဆုံး မဖြစ်စေနဲ့” (ဖွတ်မရ ဓါးမဆုံးမဖြစ်စေနဲ့) ဒီစကားကိုတော့ ထပ်ခါထပ်ခါ မိန့်လေ့ရှိပါတယ်။ တကယ့်ဖွတ်ကောင်လည်းမရ ထင်းခုတ်တဲ့ဓါးမ လည်းမရလို့ ဆိုလိုတာမဟုတ်ပါဘူး၊ ဖောဋ္ဌ်ဆိုတာ ဖောဋ္ဌဗ္ဗာရုံကိုပြောတာပါ၊ ဖောဋ္ဌ် ဆိုတဲ့ ဖောဋ္ဌဗ္ဗာရုံ ကာမဂုဏ် အတွေ့အထိလည်းမရ ဓမ္မဆိုတဲ့ တရားဓမ္မလည်းလည်းဆုံးလို့ ဆိုလိုတာပါ။ လူငယ်စကားနဲ့ ရှင်းအောင်ပြောရရင် တော့ မိန်းမလည်းမရ တရားဓမ္မလည်းမရ မဖြစ်စေနဲ့လို့ ပြောလိုရင်းပါ။
ကြားရဖန်များတော့ ကိုရင်အချင်းချင်း “ကိုရင်… ဖွတ်နဲ့ဓါးမ တစ်ခုခုတော့ ရမှဖြစ်မယ်နော်” လို့ပြောရင် တခြားတစ်ပါးက “တပည့်တော်တော့ ဖွတ်ပဲယူတော့မယ်” လို့ ပြန်နောက်တတ်ပါတယ်။
ငယ်ငယ်က အပြောင်အပျက်စကားတွေက ကြီးလာတော့ တွေးဆစရာတွေ ဖြစ်လာခဲ့ပါတယ်။ နှစ်ခုလုံးရှုံး နေရင် ရဟန်းဝတ်ရတာ မတန်ဘူးဆိုတဲ့သဘောကိုပြနေပါတယ်။
တစ်ခုကိုစွန့်လွှတ်ထားပြီး တစ်ခုကို မရဘူးဆိုရင်လည်း အဓိပ္ဗါယ်မရှိပါဘူး။ ဒါကြောင့် တချို့ရဟန်းတော်တွေ လူထွက်သွားကြတာလားမသိပါဘူး။
တကယ်တော့ ရဟန်းတစ်ပါး လူထွက်သွားရင် နှစ်ခါသုံးခါမက ရှုံးရတဲ့ဘဝပါ။ ကိုယ်တိုင် အနာဂတ်လမ်း ကြောင်းကို မရွေးချယ်နိုင်သေးတဲ့ ကိုရင်လေးအရွယ်မှာပဲ လေးတန်းအောင်လို့ ငါးတန်းဆက်မတက်ဘဲ ဘုန်းကြီးစာ ကိုပဲ ဆက်သင်ခဲ့ရတဲ့အတွက် လောကီပညာကို ကလေးဘဝမှာပဲ စွန့်လွှတ်ခဲ့ရပါတယ်။ ဓမ္မာစရိယတွေအောင်လို့ စာချဘုန်းကြီးတွေဖြစ်လို့ မပျော်လို့လူထွက်တဲ့အခါ လောကီဘွဲ့မရတဲ့အတွက် အပြင်မှာ အလုပ်ကောင်းကောင်း မရနိုင်တဲ့အတွက် ဘဝကို ပင်ပင်ပန်းပန်း ဖြတ်သန်းရပါတယ်။ ဓမ္မာစရိယဘွဲ့ကို အပြင်မှာ ရေးတတ်ဖတ်တတ် အဆင့်ပဲ ထားတာပါ။
လူထွက်တဲ့အခါ ဘာပိုက်ဆံမှ မရှိတဲ့အတွက် ရင်းနှီးစားသောက်ဖို့လည်း ခက်ခဲရပြန်ပါတယ်။ ဒါတင်မက ပါဘူး “လူထွက်ရပါ့မလား”ဆိုပြီး ပတ်ဝန်းကျင်ရဲ့ ဝေဖန်ရှုပ်ချမှုကို ခံရပြန်ပါသေးတယ်။ လူထွက်သွားရင် အရှုံးအဆင့် ဆင့်ရှုံးပြီး ဘဝအာမခံချက် မရှိတဲ့သဘောပါ။
“လူထွက်သော ရဟန်းတော်များ ကူညီစောင့်ရှောက်ရေးအသင်း” ဆိုပြီး ဘယ်သူကမှလည်း တည်ထောင်ပေး မထားပါဘူး။ အစကတည်းက သဘာဝအရှုံးအဆင့်ဆင့်ကို စတေးပြီး ဘုန်းကြီးဝတ်ခဲ့ကြရတာပါ။
လူသားတစ်ယောက်ဟာ လောကပြစ် ဓမ္မပြစ် မလုပ်ဘူးဆိုရင် လူ့အဆင့်အတန်းတစ်ခုအနေနဲ့ ဘယ်ဘဝမှာ ပဲ ရှိနေရှိနေ လူ့ဝန်းကျင် လူ့အသိုင်းအဝိုင်းက တန်ဘိုးထားရမှာပါပဲ။
ငယ်ငယ်က စာသင်သားဘဝကို ပြန်သတိရသွားလို့ပါ။
နွားကျောင်းသားတစ်ယောက် အပေါ့စွန့်တာ မတ်တတ်ရပ်စွန့်လို့ ပြဿနာမရှိပေမယ့် လူလေးစားခံရသူ တစ်ယောက်ကျတော့ အဆင်မပြေလှပါဘူး။ ဒါကလည်း မြန်မာပြည်အတွေးနဲ့ပါ။ နိုင်ငံခြားမှာရှိတဲ့ အိမ်သာအားလုံး နီးပါးကတော့ ထိုင်စွန့်ဖို့ကော မတ်တတ်စွန့်ဖို့ကော နှစ်မျိုးလုံး စီစဉ်ပေးထားပါတယ်။ ဒါပေမယ့် အားလုံး လုံလုံခြုံခြုံ ဆိုတော့ ဣနြေ္ဒရပါတယ်။
သီဟိုဠ်ကျွန်းမှာ ဝဋ္ဋဂါမဏိမင်း စစ်ရှုံးတော့ မိဖုရားတွေနဲ့အတူ တောထဲကိုပြေးရပါတယ်။ စစ်ပြေးတဲ့အထဲမှာ မိဖုရား သောမဒေဝီလည်း ပါပါတယ်။ မိဖုရား သောမဒေဝီက ထိန်ပွင့်နဲ့တူတဲ့အပွင့်ရှိတဲ့ ခြုံပုတ်ထဲ ပုန်းနေတုန်း ခပ်လှမ်းလှမ်းမှာ ကိုရင်လေးတစ်ပါးကို လှမ်းတွေ့လိုက်ရပါတယ်။ တောထဲမှာ ကိုရင်လေးတစ်ပါးတွေ့လိုက်ရတော့ တအံ့တသြနဲ့ သတိထားကြည့်နေလိုက်ပါတယ်။ ကိုရင်လေးက ဆောင့်ကြောင့်လေးထိုင် သင်္ကန်းကိုလုံအောင်ဖုံး လက်ကလေးပါကာပြီး ကျင်ငယ်စွန့်တာကို တွေ့လိုက်ရပါတယ်။ မိဖုရား သောမဒေဝီက ကိုရင်လေး ကျင်ငယ်စွန့်ပုံ လေးကို ကြည်ညိုသဘောကျသွားပါတယ်။ ဒါကြောင့် ကိုရင်လေး ကျင်ငယ်စွန့်တဲ့နေရာမှာပဲ ကျောင်းဆောက်လှူ ပါတယ်။ ကျောင်းကိုလည်း သောမဝိဟာရလို့ နာမည်ပေးလိုက်ပါတယ်။ ပြီးတော့ ပစ္စည်းလေးပါးဒကာမ အဖြစ်လည်း ခံယူလိုက်ပါတယ်။
ကျင်ငယ်စွန့်ပုံ သဘောကျလို့ ကျောင်းဆောက်လှူရုံတင်မကဘဲ ပစ္စည်းလေးပါး ဒကာမအဖြစ်ပါ ခံယူလိုက် တော့ အပေါ့စွန့်တာလေးကလည်း လူတယောက်ရဲ့ ကံကြမ္မာအပြောင်းအလဲကို အများကြီး ပြောင်းလဲပစ်လိုက်တာပါ။
တကယ်လို့များ ကိုရင်လေးက တောထဲဘယ်သူမှ မရှိပါဘူးလေဆိုပြီး မတ်တတ်ရပ်စွန့်လိုက်မယ်ဆိုရင်တော့ သောမဝိဟာရကျောင်းကြီး ဖြစ်ချင်မှဖြစ်လာမှာပါ။ ကိုယ့်ရဲ့အပြောအဆို အပြုအမူလေးတွေက ကိုယ့်ရဲ့အဆင့် အတန်းကို ဖေါ်ပြနေသလို ကိုယ့်ရဲ့ကံကြမ္မာကောင်းကျိုးဆိုးပြစ်ကိုလည်း ဖန်တီးဖန်တီးနေတယ်ဆိုတာ အပေါ့ စွန့်ပုံ ဝတ္ထုလေးနှစ်ပုဒ်က သက်သေသာဓက ပြနေပါတယ်။ အပေါ့စွန့်တာလေးတောင် ဒီလောက်ကောင်းကျိုး ဆိုးပြစ်ဖြစ် နေရင် တခြားအမူအရာတွေဆို အထူးပြောစရာ မလိုတော့ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းက ဆရာဒဂုန်တာရာကိုပြောပါတယ် “အနုပညာဆိုတာ ရှိတာပဲ၊ လင်မယားဘဝမှာလည်း အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့၊ ဒီလိုပဲ တော်လှန်ရေးမှာလည်း အနုပညာရှိတာပဲ၊ အနုပညာမြောက်မှ တော်လှန် ရေးလည်း တကယ့်တော်လှန်ရေးအစစ်ပဲ”
ဗိုလ်ချုပ်စကားကို သိပ်သဘောကျလို့ အမြဲမှတ်မိနေပါတယ်။ ဒါဆိုရင် အပေါ့စွန့်တာလည်း အနုပညာပါမှ အဆင်ပြေမယ့်သဘောရှိပါတယ်။ အနုပညာမဲ့ရင် အဆင်မပြေပါဘူး။
စာရေးသူ ရိပ်သာတရားစခန်းမှာ ယောဂီတွေအတွက် ကော်ဖီစင်တာ (၂) ခု လုပ်ပေးထားပါတယ်။ ကော်ဖီ (၁၂)မျိုး (၁၃) မျိုးလောက်အပြင် အိုဗာတင်း မိုင်လို ကွေကာအုပ် လဘက်ရည်စသည်တွေပါ စုံနိုင်သမျှ စုံအောင် ထားပေးထားပြီး နေ့လည် (၁၂) နာရီ မထိုးမချင်း ကြိုက်သလောက်သောက်လို့ ပြောထားပါတယ်။
ဒီလိုပါပဲ မြက်ခင်းစိမ်းစိမ်းပေါ်မှာ မုပ္ပလင်က သဘာဝကျောက်စားပွဲ ကျောက်ထိုင်ခုံတွေကို ယောဂီတွေထိုင် ဖို့ ချပေးထားပါတယ်။ မြို့ထဲမှာ စိတ်ပန်း ရုပ်ပန်းနဲ့ အပူတွေကြားထဲမှာ တဒင်္ဂလေး စိတ်ချမ်းသာမှု ရသွားစေချင်တဲ့ သဘောပါ။ ဒါလည်း ဗိုလ်ချုပ်စကားအရဆို အနုပညာတစ်ခုလို့ပဲ ခံယူထားပါတယ်။ ယောဂီတွေ တရားအားထုတ်တဲ့ အခါ သဘာဝပတ်ဝန်းကျင် အနုပညာတွေကလည်း အစိတ်ပိုင်းတစ်ခုအနေနဲ့ အထောက်အကူပြုနေမှာပါ။
ဘာပဲပြောပြောလေ ကိုယ့်ရဲ့အပြောအဆို အပြုအမူလေးတွေမှာ အနုပညာလေးတွေပါနေရင် ကိုယ့်ရဲ့အဆင့် အတန်းကို ဖေါ်ပြနေသလို ကိုယ့်ရဲ့ကံကြမ္မာကောင်းကျိုးဆိုးပြစ်ကိုလည်း ဖန်တီးဖန်တီးပေးနေတယ်ဆိုတာလေးကို တော့ တွေးရင်းတွေးရင်း တွေးနေဖို့ပါပဲလေ။
ရဝေနွယ် (အင်းမ)
News Watch ဂျာနယ်
၂၃၊ဇွန်လ၊ ၂၀၀၁၅