ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Tuesday 22 March 2016

* အုပ်ခဲပုံကြီးကို ဦးချနေခြင်းမဟုတ် *


* အုပ်ခဲပုံကြီးကို ဦးချနေခြင်းမဟုတ် *
============================
တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းများမှာ -
(၁)တံခွန်တိုင်=မာန(ရတနာ ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်)
(၂)ပန်းတင်ခုံ=ပတ္ထနာ - နိဗာန်ရောက်ကြောင်း ဆုတောင်းရန်
(၃)ရှစ်မြှောင့်=မွေးခြင်း(၄)မျိုး+သေခြင်း(၄)မျိုးကို နှလုံးသွင်းဆင်ခြင်ကြရန်
(၄)ကြီဝင်း-၅ခု=ဂတိ-၅ပါးမှလွတ်အောင် ကြိုးစားကြရန်
(၅)ခါးစည်း=သီလ/သမာဓိ/ပညာ ဟူသော သိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန်
(၆)ခေါင်းလောင်း=မိမိတို.၏ ကုသိုလ်ကောင်းမှုများကို ကုသိုလ်ငတ်မွတ်နေသောသတ္တ၀ါများသို. မျှဝေ(share)ပေးရန်
(၇)ဖောင်းရစ်-၇ရစ်=၀ိသုဒ္ဓိ ၇ပါး(စင်ကြယ်ခြင်း ၇မျိုး)ပြည့်စုံအောင်ကြိုးစားကြရန်
(၈)သပိတ်မှောက်=တဏှာ/မာန/ဒိဌိ(အယူမှား)ဟူသော သံသရာနယ်ချဲ.တတ်သည့်ပပဉ္စတရား(၃)ပါးတို.ကို သပိတ်မှောက် ဆန်.ကျင်ကြရန်
(၉)ဘီလူးပန်းဆွဲ-၁၆ခု=ဥာဏ်စဉ်-၁၆ပါး ရအောင်ကြိုးစားကြရန်
(၁၀)ကြာမှောက်/ကြာလှန်=ကြာပန်းသည် ဗုဒ္ဓဘုရား၏သင်္ကေတ
(၁၁)ထီးတော်ဘုံ ၇ဆင့်=အေးငြိမ်းသည့် အရိယာသူတော်စင်တို.ရရှိခံစားရသည့်မဂ်(၃)တန်+ဖိုလ်(၄)တန်(သောတာပတ္တိမဂ်မပါဝင်)
(၁၂)ငှက်မြတ်နား=ရဟန္တာအရှင်မြတ်တို. ခန္ဒာဝန်မချမီတရားဟောသာသနာပြု
အလုပ်များဖြင့် ခေတ္တနားခိုရာ
(၁၃)စိန်ဖူးတော်=စိန်တွင် ကာဗွန်ပါဝင်မှု ကင်းစင်သွားလို.ကမ္ဘာပေါ်တွင်အမာဆုံးပစ္စည်း
ဖြစ်သလို၊စိတ်အညစ်အကြေး(ကိလေသာ)
အားလုံးကင်းစင်သည့် နိဗ္မာန်တရားမြတ်

အနှိုင်းမဲ့ဗုဒ္ဓမှ ကူးယူမျှဝေသည်။
ဆက်ဖတ်ရန် >>>

Thursday 17 March 2016

Delay Gratification ဆိုတာ


မန်ကျည်းပင် ဥပမာနဲ့ Delay Gratification
————————————————
ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်ကို ပြန်လည်မျှဝေပါတယ်။
တစ်ခါတုန်းက ဒိသာပါမောက္ခဆရာကြီးဆီမှာ တပည့်တွေ ပညာသင်ကြတယ်၊ အဲဒီဆရာကြီးမှာ အရမ်းချောတယ် သမီးတစ်ယောက် ရှိတယ်ဆိုပါတော့။ သူရဲ့ တပည့်တွေထဲက ၂ ယောက်က သူတို့ဆရာကြီးရဲ့ သမီးကို စိတ်ဝင်စားလို့ သင်ကြားမှုတွေ ပြီးတဲ့အခါမှာ ဖွင့်ပြောကြတယ်။ အဲဒီမှာ သူတို့ဆရာကြီးက တပည့် ၂ ယောက်ကို မန်ကျည်းပင်ပေါက်လေး တစ်ပင်စီ ပေးပြီး စိုက်ခိုင်းပါတယ်။ ဒီလိုနဲ့ တပည့် ၂ ယောက်လုံးက သူတို့အိမ်တွေ ပြန်ရောက်ကြတော့ အပင်ပေါက်လေးတွေကို အိမ်အရှေ့မှာ စိုက်ကြတယ်။ ပြုစုပျိုးထောင်ကြတယ်။
အချိန်ကာလအနည်းငယ်ကြာတဲ့အခါ မန်ကျည်းပင်ကနေ အရွက်နုလေးတွေ ရှိလာတဲ့အခါမှာ ပထမတပည့်တစ်ယောက်က စားချင်စိတ်ကို မအောင့်နိုင်ပဲ နည်းနည်းစားကြည့်ချင်လာတယ်။ ဒါနဲ့ သူက နည်းနည်းခူးပြီး သုပ်စားကြည့်လိုက်တယ်။ တစ်ချိန်တည်းမှာ နောက်တပည့်တစ်ယောက်ကတော့ အပင်ငယ်လေးက အရွက်တွေကို မစားရက်ပဲ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်လို့နေပါတယ်။ ပထမလူငယ်ကတော့ မကြာခဏအရွက်တွေ နည်းနည်းထွက်လာလိုက် ခူးစားလိုက်လုပ်နေတော့ အိမ်နီးချင်းတွေကလည်း လစ်ရင် လစ်သလို လာလာခူးစားကြတယ်။ ဒုတိယလူငယ်ကတော့ သူကိုယ်တိုင်လည်း မစားသလို အဲဒီအချိန်မှာ မန်ကျည်းပင်အတွက် အိမ်နီးချင်းတွေနဲ့ မကြာခဏ ရန်ဖြစ်နေပါပြီ ဖြစ်ပါတယ်။ သူကတော့ မန်ကျည်းရွက်တွေကို သူလည်းမစားသလို အခြားသူတွေကိုလည်း ပေးမစားပါဘူး။
ဒီလိုနဲ့ အချိန်ကာလအတန်ကြာလာတဲ့အခါမှာ ပထမလူငယ်ရဲ့ မန်ကျည်းပင်က ဆက်လက်ရှင်သန်ဖို့ကို အခွင့်အလမ်းမသာတော့ပဲ သေဆုံးသွားခဲ့ပြီး ဒုတိယလူငယ်ရဲ့ မန်ကျည်းပင်ကတော့ စိမ်းစိမ်းစိုစိုနဲ့ အပင်ကြီးတစ်ပင်အရွယ်ကို ရောက်လို့လာပါတယ်။ အဲဒီအခါမှာ အဲဒီလူငယ်က ပတ်ဝန်းကျင်ကို ဖိတ်ခေါ်ပြီး မန်ကျည်းရွက်နုလေးတွေ ဝေပေးရင်း သူအရင်က ခွင့်မပြုခဲ့တာကို ခွင့်လွှတ်ပါရန်နဲ့ အချိန်မတန်ခင် ခူးစားခဲ့ရင် ဒီလိုအပင်ကြီး ဖြစ်မလာနိုက်ကြောင်း အခုလည်း စည်းနဲ့ကမ်းနဲ့ ခူးတန်သလောက်သာ ခူးစားရမည်ဖြစ်ကြောင်း ရှင်းပြပါတယ်။
ဒီလိုနဲ့ ဇာတ်ပေါင်းတော့ သူတို့ဆရာကြီးရဲ့ သမီးလေးကိုပါ ဒုတိယလူငယ်က အိမ်ထောင်ပြုခွင့်ရသွားခဲ့တယ်ဆိုပါစို့။
Delay Gratification ဆိုတာကတော့ စောစောစီးစီး ဇိမ်ခံပစ္စည်းတွေ ၀ယ်ဖို့ စဉ်းစားမယ့် အစား Financial Freedom ရတဲ့အထိကိုပဲ Focus လုပ်ဖို့ကို ဆိုလိုပါတယ်။ လူအများစုဟာ ပန်းတိုင်မရောက်ခင် ဇိမ်ခံချင်ကြတယ်။ အဲဒါကြောင့်ကို ပန်းတိုင်နဲ့ လွဲချော်တတ်ကြတယ်။ ကိုယ်အနေအထားတစ်ခုအထိ ခိုင်မာတဲ့ဝင်ငွေမရှိပဲ ကားတွေ၊ ဖုန်းအကောင်းစားတွေ၊ အသုံးအဆောင်ပစ္စည်းတွေ ၀ယ်လို့ရှိရင် အကုန်အကျများတဲ့ခရီးတွေသွားလို့ရှိရင်တော့ Financial Freedom ကို လွယ်လွယ်နဲ့ မရနိုင်ပါဘူး။
Naing Win Aung, MBA (UK)
Certified NLP Master Coach
Certified NLP Master Practitioner
Certified Trainer
10.2.2016
‪#‎KoNaingGyiNotes‬
ဆက်ဖတ်ရန် >>>

____ တန်ဖိုး _____


ဆရာအောင်သင်း၏ မှတ်သားဖွယ်ရာ စကားများ...
____ တန်ဖိုး _____
လူငယ် တော်တော်များများ ဟာ ကိုယ့်ကို မင်းတန်ဖိုးမရှိတဲ့ ကောင်လို့ ပြောရင် သိပ်စိတ်ဆိုးတာပဲ။
အဲတော့ တန်ဖိုးဆိုတာ ဘာလဲ လို့ မေးလိုက်ရင် အကုန် ကြောင်တောင်တောင်နဲ့၊ ဘာဖြေရမှန်း မသိကြတော့ဘူး ။
တကယ်တော့ တန်ဖိုး ဆိုတာ သဘာဝ ကို လုပ်အား ထည့်ပေါင်းလို့ ရလာခြင်းပဲ။

Value = Nature + Labour
တန်ဖိုး = သဘာဝ + လုပ်အား
ဥပမာ ~ မိုးတွင်းမှာဆို တို့တွေ ရွှံ့တွေ မတွေ့ရဘူးလား။ အဲဒီ ရွှံ့ကို မင်းသွားခွာလည်း ရတယ်၊ ငါသွားခွာလည်း ရတယ်၊ သဘာဝက အလကား ပေးထားတာလေ၊ အဲဒီရွှံ့ကို မင်းက သွားမခွာဘူး ငါက သွားခွာပြီးလောက်စလုံး လုံးတယ်၊ ငါက လုပ်အား ထည့်လိုက် တာပေါ့၊ လောက်စလုံး တစ်ဖိုကို ဘယ်လောက်ဆိုပြီး ငါက ပြန်ရောင်းလို့ ရတယ်။ သဘာဝကို ငါက လုပ်အား ထည့်လိုက်တော့ တန်ဖိုးတက်မသွားဘူးလား။
ငါ့ ထက် တော်တဲ့ကောင် တစ်ယောက်က လောက်စလုံး မလုံးပဲ ရေအိုး လုပ်မယ်ကွာ။ လုပ်အား တက်သွားတော့ တန်ဖိုး ပိုတက် မသွား ပေဘူးလား။
ငါတို့တွေ လေကို အလကား မရှူရဘူးလား၊ ဒါပေမယ့် စက်ဘီးတွေ၊ ဆိုင်ကယ်တွေ လေထိုးရင် တစ်ဘီးကို ငါးဆယ် တစ်ရာ မပေးရ ဘူးလား၊ မင်းက အကိုရယ် လေအလကား ရတာပဲလို့ပြောကြည့်ပါလား၊ မင်းကို ဟိုကပါးပိတ်ရိုက်မှာပေါ့။
သူ့လုပ်အား အတွက် ပိုက်ဆံယူရမယ်လေ။
ငါတို့တွေဟာ မွေးလာတုန်းက အတူတူပါဘဲ သဘာဝလို့ဘဲဆိုပါတော့၊ ကိုယ့်ကိုယ်ကို လုပ်အားထည့်နိုင်ရင် ထည့်နိုင်သလောက် တန်ဖိုးတက် လာမှာပါပဲလို့ ငါပြောချင်တယ်။
" ဆရာကြီး ဦးအောင်သင်း၏ လူငယ်များအတွက်
လက်ဆင့်ကမ်း သြဝါဒ " မှ..
Credit ~
Facebook – Kyaw Myo Win
ဆက်ဖတ်ရန် >>>

Wednesday 16 March 2016

မျောက်ငါးကောင် ပုံပြင်

ကျော် ကျော် ခိုင်'s photo.
မျောက်ငါးကောင် ပုံပြင်
================
တစ်ခါက…သိပ္ပံပညာရှင်တစ်စုဟာ မျောက် ၅ကောင်ကို လှောင်အိမ်ထဲထည့်ပြီး စမ်းသပ်မှုတစ်ခုကိုပြုလုပ်ကြပါတယ်။
လှောင်အိမ်ရဲ့  အလယ်မှာတော့ လှေခါးတစ်ခုကိုထောင်ထားပြီး လှေခါးထိပ်မှာ ငှက်ပျောသီးတစ်ဖီးကိုတင်ထားပါတယ်။ မျောက်တစ်ကောင်ကောင်ဟာ လှေခါးထိပ်ကငှက်ပျောသီးကို တက်ယူတဲ့အခါတိုင်း မျောက်လှောင်အိမ်ကို အပေါ်ကနေ ရေခဲရေနဲ့လောင်းချပါတယ်..။
မျောက်တစ်ကောင်ကောင်က ငှက်ပျောသီးယူဖို့ကြိုးစားတိုင်း မျောက်အားလုံးရေခဲရေအလောင်းခံရတာပေါ့။ ခဏကြာမှာတော့ မျောက်တွေဟာ ငှက်ပျောသီးတက်ယူရင် ရေခဲရေလောင်းချခံရတာကို သတိထားမိလာကြပါတယ်။ ငှက်ပျောသီးကိုယူဖို့လည်း လက်လျော့
လိုက်ကြတယ်..။သူတို့ထဲက တစ်ကောင်ကောင်က လှေခါးပေါ်တက်တိုင်း ကျန်မျောက်တွေက ဆွဲချ..ထုကြထောင်းကြသတဲ့။
သိပ္ပံပညာရှင်တွေဟာ လှောင်အိမ်ထဲက မျောက်တစ်ကောင်ကို
ထုတ်ပြီး မျောက်အသစ်တစ်ကောင်ကို အစားထိုးထည့်လိုက်ပါတယ်..။ မျောက်အသစ်က ရေခဲရေအကြောင်းကိုမသိတော့ ငှက်ပျောသီး
မြင်တာနဲ့ တက်ယူဖို့ကြိုးစားတာပေါ့။
သူလှေခါးပေါ်တက်တိုင်း ကျန်တဲ့မျောက်တွေက ဆွဲချရိုက်နှက်
ကြပါတော့တယ်..။ ဒီတော့ နောက်ရောက်လာတဲ့မျောက်ကလည်း ငှက်ပျောသီးယူရင် အထောင်းခံရတယ်ဆိုတာသိပြီး လက်လျော့
လိုက်တယ်။
နောက်တစ်ခါ မျောက်အဟောင်းထဲကတစ်ကောင်ကို အခြားမျောက်သစ်
တစ်ကောင်နဲ့ လဲလိုက်ပြန်တယ်..။ အလားတူပဲ ဒီမျောက်သစ်လည်း ငှက်ပျေားသီးတက်ယူတာနဲ့ အထောင်းခံရတာပါ။
စိတ်ဝင်စားစရာကောင်းတာက ပထမဆုံးအလဲခံရတဲ့ မျောက်ကလည်း ဒုတိယမျောက်သစ်ကို ဝင်ဆော်ပါသတဲ့..။ဘာလို့လည်းဆိုတော့ သူ့တုန်းကလည်းဒီလိုပဲ အထောင်းခံရလို့ သူကလည်းပြန်ထောင်းတာပါ။
ဒီလိုနဲ့မျောက်တွေကို တစ်ကောင်ချင်း အစားထိုးလိုက်တာ..နောက်ဆုံးမှာ မျောက်အသစ်တွေချည်းပဲကျန်ပါတော့တယ်။သူတို့ဟာ ရေခဲရေ
အကြောင်းကို မသိပါဘူး။
ဒါပေမယ့်"ငှက်ပျောသီးကိုမယူရ၊ ယူတဲ့မျောက်ကို ထုထောင်းရမယ်"
ဆိုတဲ့အယူကိုတော့ ဆက်လက်ကျင့်သုံးနေမြဲပါပဲတဲ့။ ကျနော်တို့ဟာ နေ့စဉ်နေ့တိုင်းဆုံးဖြတ်ချက်တွေချနေကြရပါတယ်။
နေ့စဉ်ဘဝမှာ ဆုံးဖြတ်ချက်တွေချတဲ့အခါ ကိုယ့်အတွေ့အကြုံတွေ သူတစ်ပါးအတွေ့အကြုံတွေ ဓလေ့ထုံးတမ်းလုပ်ရိုးလုပ်စဉ်တွေရဲ့  လောင်းရိပ်မိနေတတ်ကြပါတယ်။ ဒါကြောင့် ကျနော်တို့ ကိုယ့်ကိုယ်ကို မေးခွန်းလေးနှစ်ခုလောက်မေးကြည့်ဖို့လိုပါလိမ့်မယ်။
၁။ သင်ခံယူထားတဲ့ အတွေးအခေါ်အယူအဆတွေဟာ ကိုယ်တိုင်စိစစ်ပြီးအမှန်တရားကိုမြင်လို့ ကျင့်သုံးနေတာလား
၂။ သင်လုပ်ဆောင်နေတဲ့ အပြုမူတွေဟာလည်း လုပ်ရိုးလုပ်စဉ်မို့၊ သူများလုပ်တာတွေ့လို့ လိုက်လုပ်နေတာလား ၊ ကိုယ်တိုင်စီစစ်ပြီး လုပ်သင့်လို့ လုပ်နေတာလား ဆိုတာကိုယ့်ကိုယ်ကို မေးကြည့်ပါ။
ဒီမေးခွန်းတွေအတွက် အဖြေမရှိရင်တော့.. ကျုပ်တို့ဟာ ပုံပြင်ထဲကမျောက်တွေလိုပါပဲ။ အထူးအဖြင့် ကျနော်တို့ နိုင်ငံက
လူငယ်တွေရဲ့ စိတ်ဓာတ်တွေကို ပုံသွင်းခံ၊ မှိုင်းတိုက်ခံထားရပါတယ်။
ပုံပြင်ထဲက မျောက်တွေကို လုပ်ထားသလိုမျိုးပါပဲ…။ ဘာလို့လဲဆိုတော့ “ တို့လူလေးများ ဆိုသလေး….” လို့ဆိုလိုက်ရင် “ ဝေ.. လေ…လေး…” ဆိုတာတွေများပါတယ်။ ဝေလေလေတွေများတယ်။ ကိုယ်ပိုင်အတွေးအခေါ်မရှိဘူး။
ဘယ်သူမှရှေ့ မထွက်ချင်ဘူး။ မထွက်ရဲဘူး။ သူများထွက်ရင်လည်း နောက်ကနေဆဲတယ်..။ ခုခေတ်က အင်တာနက်ခေတ်ဆိုတော့ online ပေါ်ကနေ လက်သီးလက်မောင်းတွေတမ်းကြ၊ပစ်ပစ်နှစ်နှစ်တွေဆဲလိုက်ကြ။
ဒါတွေအသာထားလို့ လုလင်ရဲ့သယ်ရင်းတွေအနေနဲ့တော့ ပတ်ဝန်းကျင်ရဲ့  မှိုင်းတိုက်မခံရအောင် ပုံသွင်းမခံရအောင်.. ကိုယ့်ရဲ့  အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို စိစစ်ကြဖို့ အမှန်တရားကိုရှာဖွေကြဖို့ စေတနာစကားပါးလိုက်ရပါတယ်နော်။
credit to ဦးသုည
ဆက်ဖတ်ရန် >>>

၉၀၊၁၀ နည်းယာမ


တစ်ခါတလေမှာ အဆင်မပြေမှုတွေနဲ့ ကြုံလာရတဲ့အခါတိုင်း ကိုယ့်ကိုယ်ကို အရမ်းကိုပဲ စိတ်ပျက်ပြီး အားငယ်မိပါတယ်။ ဒီလိုပြဿနာတွေကို ငါ့ကိုမှ ရွေးပြီးတော့ ဘာလို့များလာဖြစ်စေရပါသလဲဆိုပြီးတော့ အပြစ်တင်ချင် စိတ်တွေ တဖွားဖွားလည်းပဲ ပေါ်လာမိပါတယ်။ ဒါပေမယ့်လည်း ဘယ်သူ့ကိုများ သွားပြီး အပြစ်တင်ရမယ်မှန်း မသိလေတော့အတော်လေးပဲ စိတ်ထဲမှာ ကသိကအောင့်တွေ ဖြစ်မိပါတယ်။
ဒီလိုနဲ့ပဲ တစ်နေ့မှာ မရည်ရွယ်ပဲနဲ့ မစ္စတာ စတီဗင် ကိုဗေးရဲ့ ၉၀၊၁၀ နည်းယာမ ဆိုတဲ့ဆောင်းပါးလေးတစ်ခုကို ဖတ်လိုက်မိပါတယ်။ ရေငတ်နေတုန်း ရေတွင်းထဲကျသွား သလိုပါပဲ။ ကိုရှာနေတဲ့ အဖြေတစ်ခုကိုမမြှော်လင့်ပဲ ရှာဖွေတွေ့ရှိခဲ့လို့ဖြစ်ပါတယ်။ အားလုံးကိုလည်း ကျွှန်တော်ခံစားရတာလေးကို ပြန်လှယ် ဝေငှလိုစိတ်ရှိတာကြောင့် ဒီစာကိုရေးဖြစ်ခဲ့ပါတယ်။
တိုက်ဆိုင်စွာနဲ့ ဒီစာကိုဖတ်လိုက်ရတဲ့ သူအတွက် တစ်စုံတစ်ခုသော် အကျိုးကျေးဇူးရရှိလိမ့်မယ်လို့ ယုံကြည်မိပါတယ်
မစ္စတာ စတီဗင် ကိုဗေးက ကျွှန်တော်တို့ဘ၀ရဲ့ ၁၀ ရာခိုင်နှုန်းကို လောကမှာ တွေ့ကြုံနေရတဲ့ဖြစ်ပျက်မှုတွေနဲ့ ဖန်တီးထားတာဖြစ်ပြီး၊ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကတော့ အဲဒီတွေ့နေရတဲ့ဖြစ်ပျက်မှုတွေကို ဘယ်လိုရင်ဆိုင် ရွေးချယ်တုန့်ပြန်သလဲဆိုတဲ့အရာနဲ့ ပြုလုပ်ထားတာဖြစ်တယ်လို့ ပြောပါတယ်။
တကယ်တော့ ကျွှန်တော်တို့ဟာ ရှောင်လွှဲမရတဲ့ တွေ့ကြုံဖြစ်ပျက်မှုတွေနဲ့ပြုလုပ်ထားတဲ့ ၁၀ ရာခိုင်နှုန်းသော် ဘဝအပေါ်မှာ ဘာမှထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။ ဖြစ်မယ့်အရာကတော့ဖြစ်နေဦးမှာပဲ ဖြစ်ပါတယ်။
လမ်းသွားရင်းနဲ့ စီးလာတဲ့ကားက စက်ပျက်ချို့ယွင်းသွား နိုင်တယ်ဆိုတာတွေ၊ ဘက်စ်ကား ကလာရမယ့်အချိန်မှာ မလာပဲ နှောက်ကျနိုင်တာတွေ၊ လမ်းမှာ ကိုယ့်ကားကို တခြားကားတစ်စင်း အတင်းကျော်တက်သွားနိုင်တယ်ဆိုတာတွေ စတဲ့အဖြစ်အပျက်တွေနဲ့ပြည့်နေတဲ့ ဘ၀ရဲ့ ၁၀ ရာခိုင်နှုန်းကို ဘယ်လိုမှ ထိန်းချုပ်လို့မှာ မဟုတ်ပါဘူး။
ဒါပေမယ့်လည်း ဘ၀ရဲ့ကျန်တဲ့ ၉၀ ရာခိုင်နှုန်ကတော့ ကိုယ်ကနေ စိတ်ကြိုက် ရွေးချယ် နိုင်ပါတယ်။
ရှောင်လွှဲမရတဲ့တွေ့ကြုံဖြစ်ပျက်မှုတွေ အပေါ်မှာ ဘယ်လိုရင်ဆိုင်တုန့်ပြန်သလဲဆိုတာနဲ့ ထိန်းချုပ်နိုင်တာဖြစ်ပါတယ်။
မစ္စတာ ကိုဗေးက သူ့ရဲ့နည်းယာမကို မိသားစုနံနက်စာ စာပွဲတစ်ခုနဲ့ ဥပမာပေးခဲ့ပါတယ်။ ကျွှန်တော်ဟာ မိသားစုနဲ့အတူ မနက်စာ စားတယ်ဆိုပါစို့။ အဲလို စားနေတုန်း ရုတ်တရက် သမီးလေးက ကျွှန်တော်သောက်မယ့် ကော်ဖီခွက်ကိုမတော်တဆတိုက်မိပြီး ကျွှန်တော့်ရဲ့ အလုပ်သွားအ၀တ်စားအပေါ် ကော်ဖီတွေ စွန်းစေခဲ့ပါတယ်။
အဲလိုအဖြစ်မျိုးဆိုတာ ကြိုတင်မသိနိုင်လို့ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ထိန်းချုပ်နိုင်ခွင့်မရှိဘူးပေါ့ဗျာ။ ဒါပေမယ့် ဒီနေရာကနေ ရှေ့ဘာကို ဆက်ဖြစ်နိုင်မယ်ဆိုတာကတော့ ဒီကိစ္စကို ကျွှန်တော်ဘယ်လိုရင်ဆိုင် ရွေးချယ်တုန့်ပြန်မလဲဆိုတဲ့ အချက်အပေါ်မှာအရမ်းကိုမူတည်နေပါတယ်။
ကျွှန်တော်ဆဲဆိုကောင်းဆဲဆိုမိပါလိမ့်မယ်။ ပြီးတော့ ကော်ဖီခွက်တိုက်မိတဲ့ သမီးလေးကိုလည်း အတင်း အပြစ်တင်ဆူပူကြိမ်းမောင်းမိမယ်ထင်ပါတယ်။ အဲ ဒီအခါမှာ ထပြီးငိုပါလိမ့်မယ်။
ဒီလိုသမီးကိုဆူပူပြီးတဲ့အခါမှာ မိန်းမဘက်ကို လှည့်ပြီး ကော်ဖီခွက်ကို စားပွဲအစွန်းမှာ ထားရကောင်းမလားဆိုပြီး အပြစ်တင် ပွစိပွစိလုပ်မိပါလိမ့်မယ်။ အဲ ဒီတော့ မိန်းမနဲ့ကျွှန်တော် စကားတွေ ခဏလောက်တော့ များကြတော့မှာပေါ့။
ဒါတွေပြီးရင် ကျွှန်တော်ဟာ အိမ်အပေါ်ထပ်ကိုပြေးတက်ပြီး အ၀တ်အစားပြန်လဲ ရပါလိမ့်မယ်။ အ၀တ်အစားလဲပြီးလို့ အိမ်အောက်ပြန်ရောက်တဲ့အခါမှာ မပြီးနိုင်မစီးနိုင်ပဲ ငိုနေတဲ့သမီးကိုတွေ့ရပါလိမ့်မယ်။ ကျွှန်တော်ကသူ့ကိုအော်ဆူခဲ့မိတာကိုး။
ဒီတော့ကျောင်းကားမမီတော့ဘူးလေ။ အဆင်သင့်မဖြစ်လို့ လွတ်သွားပါပြီ။ မိန်းမကလည်း သူ့အလုပ်ကိုသွားရတော့မှာဖြစ်ပါတယ်။ ကဲ ဒီလိုဆိုတော့ ကျွှန်တော်ကပဲ သမီးကိုကျောင်းလိုက်ပို့ဖို့ပြင်ရပါတော့မယ်။
နောက်ကျနေပြီဆိုတော့ မြန်မြန်မမောင်းသင့်တဲ့ လမ်းမပေါ်မှာ အရှိန်တင်ပြီး အမြန်မောင်းမိပါတယ်။ ဒီတော့ ယာဉ်ထိန်းရဲက တားပြီး ဒဏ်ငွေရိုက်တာကြောင့် ကျောင်းကို ၁၅ မိနစ်လောက် နောက်ကျပြီးမှရောက်ပါတယ်။ ကျောင်းရောက်တော့ သမီးလေးက လှည့်ကြည့်နှုတ်ဆက်ခြင်း မလုပ်ပဲ ကျောင်းထဲကို အတင်းပြေးဝင်သွားပါတယ်။
ရုံးကိုရောက်တော့ မိနစ် ၂၀ လောက်တော့ နောက်ကျနေပါပြီ။ ဒီအခါကျမှ ရုံးစာရွက်စာတမ်းထည့်ထားတဲ့ အိတ်ကို အိမ်မှာမေ့ကျန်ခဲ့ကြောင်း သတိထားမိပါတယ်။ ဒီလိုနဲ့ပဲ အဆင်မပြေတဲ့ နေ့တစ်နေ့ကို စခဲ့မိပါမယ်။
အဆင်မပြေမှုတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်လာပါလိမ့်မယ်။ အိမ်ပြန်ရောက်တဲ့ အခါမှာလည်း မိန်းမနဲ့သမီးလေးက မနက်က အရှိန်နဲ့ ဆက်ဆံရေး မကြည်နိုင်တော့ပါဘူး။
ကဲ ဒါတွေဘာကြောင့် အခုလိုဖြစ်ရတာပါလိမ့်။
တကယ်တော့ မနက်က ကျွှန်တော့်ရဲ့ ရွေးချယ်တုန့်ပြန်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုအဆင်မပြေတဲ့ နေ့တစ်ရက်တာကိုဘာကြောင့်ရခဲ့ရတာပါသလဲ။
၁။ ကော်ဖီကြောင့်လား ၂။ သမီးလေးကြောင့်လား ၃။ ယာဉ်ထိန်းရဲကြောင့်လား ၄။ ကျွှန်တော့်ကြောင့်လား။
အဖြေကတော့ရှင်းပါတယ်။ ကျွှန်တော့်ကြောင့်ပဲဖြစ်ပါတယ်။ ကော်ဖီခွက်မှောက်ကျတာကို ကျွှန်တော်ကြိုမသိနိုင်လို့ တားဆီးနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် ဒီ ၅ စက္ကန့်လောက်ရှိမယ့် အချိန်လေးတွင်းက အဖြစ်အပျက်အပေါ်မှာ ကျွှန်တော့်ရဲ့ ရွေးချယ်တုန့်ပြန်မှုက ကျွှန်တော့်အတွက် အဆင်မပြေတဲ့ နေ့တစ်ရက် ရရှိစေခဲ့တာဖြစ်ပါတယ်။ ကျွှန်တော့်ရဲ့ရွေးချယ်တုန့်ပြန်မှုကသာ တစ်မျိုးဖြစ်ခဲ့မယ်ဆိုရင်တော့ နောက်ဆက်တွဲရလာဒ်ကလည်း တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်ပါတယ်။
တကယ်တမ်းဖြစ်ခဲ့သင့်တာကေတာ့ ကော်ဖီခွက်တိုက်မိလို့မှောက်သွားတဲ့ အတွက် အဆူခံရတော့မှာကို ကြောက်ပြီး ငိုမဲ့မဲ့ဖြစ်နေတဲ့သမီးလေးကို သမီးရယ် မငိုပါနဲ့ နောက်တစ်ခါကျ ဒီလိုမဖြစ်စေရအာင် သတိထားပေါ့လို့ ငြင်သာစွာပြောလိုက်ပြီး ပေကျံသွားတာကို လက်သုတ်ပုဝါနဲ့ သုတ်လိုက်ရုံပါပဲ။ ပြီးတော့ အိမ်ပေါ်ကိုတက် အ၀တ်အစားပြန်လဲ ရုံးသွားအိတ်ကို သတိတရနဲ့ယူပြီး အိမ်အောက်ထပ်ကို ပြန်ဆင်းလာခဲ့ရုံပါပဲ။ ကျောင်းကားပေါ်တက်ခါနီး လက်ပြနှုတ်ဆက်နေတဲ့ သမီးလေးကို ပြုတင်းပေါက်မှ ကြည့်ပြီးပြန်လက်ပြနိုင်မှာဖြစ်ပါတယ်။ ရုံးကိုလည်း ၅ မိနစ်လောက်စောရောက်ပြီး ရုံးသူရုံးသားတွေကို ပြုံရွှင်စွာနဲ့ နှုတ်ဆက်နိုင်ပါမယ်။
ကဲ ဘယ်လိုကွာခြားသလဲဆိုတာကို သိမြင်နိုင်မယ် ထင်ပါတယ်။
မတူညီတဲ့အဖြစ်အပျက်နှစ်ခု အစတူပြီး အဆုံးသတ် တစ်မျိုးစီနဲ့အဆုံးသတ်ခဲ့ပါတယ်။ အဲဒါဘာကြောင့်လို့ထပင်ါသလဲ။ မတူညီတဲ့ ကျွှန်တော့်ရဲ့ အခြေအနေကို ရင်ဆိုင် ရွေးချယ်တုန့်ပြန်မှုကြောင့်ပဲ ဖြစ်ပါတယ်။
ဖြစ်ပျက်လာတဲ့ အခြေအနေ ဘ၀ရဲ့ ၁၀ ရာခိုင်နှုန်းကို မတားဆီးနိုင်ပေမဲ့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကိုတော့ မှန်ကန်စွာ ရင်ဆိုင်ရွေးချယ် တုန့်ပြန်မှုက အဆုံးအဖြက် ပေးသွားတာဖြစ်ပါတယ်။
ဒီ ၉၀၊၁၀ နည်းယာမကို ဘယ်လို အသုံးချရမလဲ ဆိုတာကို ဥပမာ အချို့ပေးချင်ပါတယ်။ အကယ်၍များ တစ်ယောက်ယောက်က ကိုယ့်ကို မကောင်းပြောဆိုလာမယ်ဆိုရင် ရေမြုတ်တစ်ခုလို မတုန့်ပြန်သင့်ပါဘူး။
မှန်သားပြင်တစ်ချပ်လို တင်လာတဲ့ ရေသီးရေပေါက်တွေကို လိမ့်ကျစီးသွား စေသင့်ပါတယ်။ မကောင်းတဲ့ပြောဆိုမှုတွေက ကိုယ်အပေါ် သက်ရောက်မှုမရှိစေရပါဘူး။
မှန်ကန်စွာ ရွေးချယ်တုန့်ပြန်မှုဖြင့် ကိုယ့်ရဲ့တစ်ရက်တာကို မပျက်ဆီးရအောင် လုပ်ဆောင်ရပါမယ်။ မှားယွင်းစွာ ရွေးချယ်တုန့်ပြန်မှုဟာ မိတ်ဆွေတွေကို ဆုံးရှူံးစေနိုသင်လို အလုပ်ပြုတ် ဆူပူခံရခြင်း စိတ်ဖိစီးမှုဝေဒနာများ ကိုသာ ရစေမှာ ဖြစ်ပါတယ်။
အကယ်၍များ ကိုယ့်ကိုလမ်းမှာ တခြားကားတစ်စင်း အတင်းကျော်ခဲ့တယ်ဆိုပါက ဘယ်လိုတုန့်ပြန်မိမလဲ။ စိတ်များဆိုးမိမလား။ ကားလက်ကိုင်ဂွေကို အတင်းထုရိုက်ပြီး သွေးနထင်တိုးစေမလား။ အလုပ်ကို နည်းနည်းလောက်နောက်ကျပြီး ရောက်တော့ ဘာများအဆိုးဆုံးဖြစ်နိုင်မှာလဲ။ ဒီလိုကိစ္စများနဲ့ ဘာလို့ကိုယ့်ရဲ့နေ့ရက်ကိုပျက်စီးစေမလဲ။
၉၀၊၁၀ နည်းယာမကို သတိရမယ်ထင်ပါတယ် မပူပန်ပါနဲ့။
အလုပ်ပြုတ်ပါပြီလို့ အပြောခံရရင်တောင်မှ စိတ်မပျက်ပါနဲ့။ အိပ်ရေးပျက်လို့ စိတ်ဖိစီးသောကရောက်လို့ကော ဘာထူးမှာလဲ။ ဒီလိုအတွက် ကုန်ခမ်းသွားမယ့် အားအင်တွေကို အလုပ်သစ်ရှာဖွေခြင်းအတွက် အသုံးချတာကမှ ပိုပြီးအကျိုးရှိပါတယ်။
ဒါကြောင့်မို့လို့ တိုက်တွန်းချင်တာကတော့ ဒီ ၉၀၊၁၀ နည်းယာမ ကိုနားလည် သဘောပေါက်ပြီး အသုံးချစေချင်ပါတယ်။
အရှူံးမရှိနိုင်ပါဘူး။ ရလာဒ်ကတာ့ ကိုယ့်ဘာသာကိုယ့်ပဲ ခံစားကြည့်ကြပါလို့ ပြောချင်ပါတော့တယ် ။
ဆက်ဖတ်ရန် >>>

Thursday 3 March 2016

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သိမှတ်ဖွယ်ရာများ

သင့်ရဲ့ကလေးငယ်ကပဲမေးမေး ၊ ဘာသာခြားကပဲမေးမေး ၊ ဘယ်သူမေးမေး ဗုဒ္ဓဘာသာ အခြေခံ ၊ အတိုချုပ်လောက်တော့ သင်ဖြေနိုင်ရမယ်။
ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သိမှတ်ဖွယ်ရာများ
-------------------------------------------------
ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ
-------------------------------------------
၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၎။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)

သာသနာတော်သုံးရပ်
----------------------
၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း
ရတနာသုံးပါး
-------------
၁။ ဘုရား
၂။ တရား
၃။ သံဃာ
ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ
---------------------------------------------------------------
မြတ်စွာဘုရား၏ ဖခမည်းတောအမည် = သုဒ္ဓေါဓန
မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္တမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ကဏ္ဍကမြင်း၊ ကာဠုဒါရီအမတ်၊
ရွှေအိုးကြီးလေးလုံး၊ ညီတော်အာနန္ဒာ၊ ယသော်ဓရာ၊ ဗောဓိညောင်ပင်
သံဝေဇနိယ လေးဌာန
---------------------
၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုံမ္ဗနီဥယာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂါယာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော
၎။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ
သတ္တဌာန ခုနှစ်ပါး
-----------------
၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြံ
၎။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်
ဘုရားဂုဏ်တော်ကိုးပါး
----------------------
၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့်
ပြည့်စုံတော်မူသောဂုဏ်။
၎။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။
၅။ လောက၀ီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တ၀ါတို့ကို
ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။
ရ။ သတ္ထာဒေ၀မနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။
၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂ၀ါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။
တရားဂုဏ်တော် ခြောက်ပါး
---------------------------
၁။ သွာက္ခာတော = တရားတော်၏ အစအလယ်အဆုံးကောင်းသောဂုဏ်။
၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို
အောင်တတ်သောဂုဏ်။
၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။
၎။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။
၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။
၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။
သံဃာ့ဂုဏ်တော် ကိုးပါး
-----------------------
၁။ သုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။
၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။
၃။ ဥာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။
၎။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။
၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလ၀န္တတို့အား လှူအပ်သော ပစ္စည်းကို
ခံယူတော်မူထိုက်သောဂုဏ်။
၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသော
မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။
ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သော
အလှူကိုခံတော်မူထိုက်သောဂုဏ်။
၈။ အဉ္ဇလီကရဏီယျော = ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ
ထိုက်တော်မူသောဂုဏ်။
၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ
လယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။
အနှစ်သုံးပါး
-------------
၁။ ဒါန ၂။ သီလ ၃။ ဘာဝနာ
ပစ္စည်းလေးပါး
--------------
၁။ ဆွမ်း ၂။ ဆေး ၃။ သင်္ကန်း ၄။ ကျောင်း
ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး
------------------------------
၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဥာဏ် (မျက်စိ)ကြည်လင်ခြင်း
ဆွမ်းအကျိုး ငါးပါး
-----------------
၁။ အာယု = အသက်ရှည်ခြင်း
၂။ ၀ဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၎။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဥာဏ်ပညာကြီးခြင်း
ပန်းလှူရသည့် အကျိုးသုံးပါး
----------------------------
၁။ ရုပ်ရည်လှပသည်။
၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်။
၃။ ခံတွင်းအနံ မွှေးကြည်စေသည်။
သီလရှိသူ ရနိုင်သောအကျိုး ငါးပါး
---------------------------------
၁။ စည်းစိပ်ဥစ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၎။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘ၀ရောက်နိုင်သည်။
တရားနာခြင်း၏ အကျိုး ငါးပါး
-----------------------------
၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။
၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။
၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။
၎။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။
၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။
မေတ္တာအကျိုး ၁၁ ပါး
---------------------
၁။ ချမ်းသာစွာအိပ်ရသည်။
၂။ ချမ်းသာစွာနိုးရသည်။
၃။ မကောင်းသောအိမ်မက်မမြင်
၎။ လူနတ်ချစ်သနားသည်။
၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။
၆။ မီးမလောင်နိုင်
၇။ ဓားလက်နက်မထိနိုင်
၈။ အဆိပ်နှင့်မသေနိုင်
၉။ မကောင်းသောစိတ်ပျောက်သည်။
၁၀။ မျက်နှာအဆင်းလှသည်။
၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။
သည်းခံခြင်းအကျိုး ငါးမျိုး
-------------------------
၁။ လူအများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၎။ မတွေမဝေသေရခြင်း။
၅။ သုဂတိဘ၀သို့လားရခြင်း။
အပယ်လေးပါး
--------------
၁။ ငရဲ ၂။ တိရိစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ်
ကပ်သုံးပါး
----------
၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်
၂။ သတ္တန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်
၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ်
ရပ်ပြစ်ရှစ်ပါး
------------
၁။ ငရဲ = ချမ်းသာမှုအလျဉ်းမရှိသောအရပ်
၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တ၀ါ
၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသောသတ္တ၀ါ
၎။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ်
၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသော လူမျိုးစု
၇။ ၀ိကလိနြ္ဒိယ = သစ္စာလေးပါးတရားကိုနာကြားရသော်
၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော
ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။
ရန်သူမျိုး ငါးပါး
---------------
၁။ ရေ ၂။ မီး ၃။ မင်းဆိုး ၄။ သူခိုး ၅။ မချစ်မနှစ်သက်သောသူ
ဝိပတ္တိတရား လေးပါး (၀ိပတ္တိ-ဖောက်ပြန်ချွတ်ယွင်းခြင်း)
---------------------
၁။ ဂတိဝိပတ္တိ = အပါယ်လေးဘုံတို့၌ဖြစ်ရခြင်း။
၂။ ဥပဓိဝိပတ္တိ = ရုပ်အဆင်းအဂါင်္ (ဥပဓိ)ချို့တဲ့ခြင်း။
၃။ ကာလ၀ိပတ၁တိ = ခေတ်ပျက် ကာလပျက်၊ မင်းဆိုးမင်းယုတ်တို့အုပ်ချုပ်သောကာလ၌ ကြုံရခြင်း။
၎။ ပယောဂ၀ိပတ္တိ = အသိအလိမ္မာ ဥာဏ်ပညာမရှိ၊ သတိ ၀ီရိယလည်းမရှိ၍ လုပ်မှားကိုင်မှား အပြစ်ကျူးလွန်မိခြင်း။
ဗျသနတရား ငါးပါး
-------------------
၁။ ဥာတိဗျသန = ဆွေမျိုးဥာတိတို့ သေကျေပျက်စီးခြင်း
၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း
၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း
၎။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်း
ကိလေသာ သုံးပါး
-------------------
၁။ လေဘ ၂။ ဒေါသ ၃။ မောဟ
ကာလ သုံးပါး
-------------
၁။ အတိတ် = လွန်လေပြီးသောကာလ
၂။ ပစ္စုပ္ပါန် = လက်ရှိကာလ
၃။ အနာဂတ် = နောင်ကာလ
အဂတိတရား လေးပါး
---------------------
၁။ ဆန္ဒ ၂။ ဒေါသ ၃။ ဘယာ ၄။ မောဟ
မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား သုံးပါး
-----------------------------------------------
၁။ ဣတ္ထိဓုတ္တ = မိန်းမလိုက်စားခြင်း
၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း
၃။ အက္ခဓုတ္တ = လောင်းကစားခြင်း
သရဏဂုံပျက်ရသောအကြောင်း နှစ်ပါး
--------------------------------------
၁။ မိစ္ဆာဒိဌိအယူကိုပြောင်းယူခြင်း ၂။ သေဆုံးခြင်း
ကံသုံးပါး
---------
၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း
၂။ ၀စီကံ = နှုတ်ဖြင့်ပြုခြင်း
၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း
အာရုံ ခြောက်ပါး ကာမဂုဏ်တရားများ
-----------------------------------
၁။ ရှုပါရုံ = အဆင်းအာရုံ
၂။ သဒ္ဒါရုံ = အသံအာရုံ
၃။ ဂန္ဓာရုံ = အနံအာရုံ
၎။ ရသာရုံ = အရသာအာရုံ
၅။ ဖောဌဗ္ဗရုံ = အတွေ့အာရုံ
၆။ ဓမ္မာရုံ = တရားသဘောအာရုံ
ပိဋကတ် သုံးပုံ
-----------------
၁။ သုတ္တန် ၂။ ၀ိနည်း ၃။ အဘိဓမ္မာ
စေတနာ သုံးတန်
------------------
၁။ ပုဗ္ဗ = ကြိုတင်စေတနာ
၂။ မုဉ္စ = ပြုဆဲစေတနာ
၃။ ပရ = ပြုပြီးစေတနာ
လောကပါလ တရားနှစ်ပါး ( လောကကို စောင့်ရှောက်သော တရား။ )
---------------------------------------------------------------------
ဟိရီ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်း၊
ဩတ္တပ္ပ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ကြောက်ခြင်း၊
လောက သုံးပါး
--------------
၁။ သတ္တလောက = လူသတ္တ၀ါများ၏ လောက
၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက
၃။ သြကာသလောက = ရှိရှိသမျှလူသတ္တ၀ါအားလုံးရှိသောလောက
ဗြဟ္မစိုရ်တရား လေးပါး
-----------------------
၁။ မေတ္တာတရား ၂။ ကရုဏာတရား ၃။ မုဒိတာတရား ၄။
ဥပက္ခာတရား
သမ္ပတ္တိတရား လေးပါး
---------------------
၁။ ကာလသမ္ပတ္တိ = ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။
၂။ ဂတိသမ္ပတ = လူ့ဘ၀နတ်ဘ၀ကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။
၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။
၎။ ပယောဂသမ္ပတ = ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း။
သမ္ပဒါတရား လေးပါး (မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး)
-----------------------------------------------------------------
၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လ၀ီရိယနှင့် ပြည့်စုံမှု
၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု
၎။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှု
ခန္ဓာ ငါးပါး
------------
၁။ ရူပက္ခန္ဓာ
၂။ ဝေဒနာက္ခန္ဓာ
၃။ သင်္ခါရက္ခန္ဓာ
၎။ သညာက္ခန္ဓာ
၅။ ၀ိညာဏက္ခန္ဓာ
သစ္စာ လေးပါး
--------------
၁။ ဒုက္ခသစ္စာ
၂။ သမုဒယသစ္စာ
၃။ နိရောဓသစ္စာ
၎။ မဂ္ဂသစ္စာ
စေတီ လေးမျိုး
---------------
၁။ ဓမ္မစေတီ
၂။ ဓါတုစေတီ
၃။ ဥဒ္ဓိဿစေတီ
၎။ ပရိဘောဂစေတီ
ဥပါယ်တံမျဉ် လေးမျိုး
-----------------------
၁။ ဘေဒဥပါယ် = သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။
၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။
၃။ သာမဥပါယ် = ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျ
ပြောဆိုစည်းရုံးခြင်းနည်းလမ်း။
၎။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။
သင်ကြားလေ့လာဗုဒ္ဓဘာသာ
Mrsoe Thuaung
Credit to Buddhism Beams (Myanmar)
ဆက်ဖတ်ရန် >>>