ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Saturday, 7 December 2013

ဗုဒ္ဓဘာသာ (၅)မျိုး


 ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေတွေကို သိလို့  မြတ်စွာဘုရားက“နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်” ဟုဟောတော်မူ ခဲ့ပါတယ်။
အဲ့ဒီဗုဒ္ဓဘာသာ(၅)မျိုးကတော့............... 
 
(၁)ကုလ ဗုဒ္ဓဘာသာ
(၂)လာဘ ဗုဒ္ဓဘာသာ
(၃)ဘယ ဗုဒ္ဓဘာသာ
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)ပညာဓိက ဗုဒ္ဓဘာသာ

(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာပါ။မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။မိဘက ဗုဒ္ဓဘာသာမို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ။ဘုရား ဘာတရားဟောမှန်းလည်းမသိ။ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ် ရမှန်း လည်းမသိ။တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။လုပ်တော့လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။

(၂)လာဘ ဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘ လိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။
ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ။ ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ် ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ ဘုရားကိုးကွယ်မှ လာဘ်ပေါများမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။
ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။အိမ်ခြံ ဝယ်မယ်။ရောင်းမယ်။အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာပြဿဒါး ရွေးနေတာတွေ။ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုးတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ဗေဒင်ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။

(၃)ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာ ကိုခေါ်ပါတယ်။ အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယ ဗုဒ္ဓဘာသာဟုခေါ်ပါသည်။ဒီဘုရား ကိုးကွယ်မှအသက်ရှည်မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော် ရှည်နေကြတာ ဘာလို့ပါလဲ။ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာ။ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ (၃)မျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ပါသည်။ 
ဟိုလူမပါ။ ဒီလူမပါ။ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ 
လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို ဘုရားက သူတောင်းစားဗုဒ္ဓဘာသာပါတဲ့။

ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်းကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်လောင်းလှူရသေး၊သာသနာတော်ကိုလည်း ပစ္စည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်းဘာအတွက်ကျောင်းဆောက်နေတာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာ ယုံကြည်ချက်ပါ။ ဘုရား၊တရား၊သံဃာကိုတကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။
သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကိုသူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် အနက်ကိုဟောကြား တော်မူခဲ့ပါတယ်။ဒီတရားတော် အနက်တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီး တွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။နိဗ္ဗာန်ဆိုတာ အို ၊သေ၊နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက်တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့
တရားလမ်းကြောင်းးအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ထို အသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ဆောင်တာပါ။ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသောဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက စောက်ရှောက်ထားတာပါ။သံဃာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။မိစ္ဆာသဒ္ဒါယုံကြည်မှုက လာဘ်လာဘပေါတယ်။အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။လာဘ်လာဘ
ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှုဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ် ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ
တယ်။မှားတာကို မှားတယ်လို့ သိတယ်။မှန်တာကို မှန်တယ်လို့သိတယ်။သိတဲ့ အပြင်၊အမှားလမ်းကို ရှောင်၊အမှန်လမ်းကိုဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ

သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသိုသိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ဘုရားကမင်းတို့ခန္တာ ထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့ သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏။တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့
ဖြစ်ပျက် မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ပညာလည်းပါတယ်။ဒါသည် သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဖြစ်ပါသည်။

သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။
သဒ္ဓါနှင့် ပညာ balance( ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင် (နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified, prayer,)အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေကို အသုံးချနေကြပါတယ်။ သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရမဆို အစွန်းမရောက်စေ ဘို့ပါဘဲ။

အရှင်ကောဝိဒသိရီ ဘလော့မှကူးယူဖော်ပြပါသည်။

ဆက်ဖတ်ရန် >>>

Saturday, 28 September 2013

လင်ယူမယ် .. လင်ယူမယ် အမေရေ ...





ကြိုက်နှစ်သက်ရာများရွေးချယ်ကြည့်ရှု့







ဆက်ဖတ်ရန် >>>

Saturday, 22 June 2013

`` မာအနုဿဝေန = သူတစ်ပါးစကားနဲ့ မိမိဘ၀လမ်းကိုမဆုံးပါစေနဲ့ ´´


၁။ မိမိကိုယ်ကိုဘယ်တော့မှဝမ်းနည်းအားငယ်မနေပါနဲ့။ငိုယိုခြင်းကနေဘာမှကောင်းတာဖြစ်မလာဘူး။
ယဉ်ကျေးသိမ်မွေ့ပါ။ အချိန်တိကျပါ။ ကျေှးဇူးပြု၍ ၊ ကျေးဇူးတင်ပါတယ်ဆိုတာကို အမြဲတမ်းထည့်ပြောပါ။

၂။ သင်ကိုယ်တိုင်ပြဿနာ ရှိသော်လည်း တခြားသူဒုက္ခရောက်တဲ့အခါ ထောက်ထားညှာတာပါ။ ကရုဏာ ထားပါ။ အချိန်တန်တဲ့အခါ သင့်ရဲ့ကိုယ်ကျိုးစွန့်အနစ်နာခံမှုကို လေးစားအံ့သြပြီး သင့်ကို ကူညီ လာပါလိမ့် မယ်။

၃။ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ စိတ်ဓါတ်ကို အားထုတ်ကျင့်ကြံပါ။ သင့်အတွက် မထင်ပေါ်သော်ငြား မှန်တယ်ထင်ရင် လုပ်ပါ။ ကိုယ့်ကိုယ်ကို ဘာအပြစ်မှမကျုးလွန်ပါ (သို့) ကိုယ်လုပ်ခဲ့သမျှ   နောင်တမရပါ ဆိုတဲ့ အကောင်းအဆိုးခွဲခြားသိတဲ့  စိတ်နဲ့ မှန်ကြည့်နိုင်အောင် ကြိုးစားပါ။

၎။ မိမိကိုယ်ကိုနှိမ့်ချပါ။ မိမိရဲ့အယူအဆ၊ နေရာကို မပြောင်းလဲဘဲမနေဘဲ တစ်ဘက်သားပြောတဲ့အပေါ် မူတည်ပြီး မိမိမှားမှန်းသိရင် ရပ်တန်းကရပ်ပြီး နောက်ပြန်ဆုတ်ပါ။
အရိုအသေတန်မှာ အရှက်ရမှာမစိုးရိမ်နဲ့။ သင်ဟာ တယူသန်ခေါင်းမာတဲ့သူ မဖြစ်ပါစေနဲ့။

၅။ သင့်အမှားများစွာမှ သင်ယူနိုင်အောင် ကြိုးစားပါ။ သင်ဟာ ပြဿနာတခုခုနဲ့ ကြုံလာတိုင်း ဆက်ပြီး တူညီတဲ့အမှားမျိုးလုပ်မယ်ဆိုရင် သင်ဟာတခုခုတော့ မှားနေပြီ။

၆။ သူတပါးအား မထီမဲ့မြင် မလေးမစားပြုမူမဆက်ဆံပါနဲ့။ မိမိအတွက်လည်း မကောင်းပါ။ ပြဿနာ တခုခုရှိရင် မျက်နှာချင်းဆိုင်ဆွေးနွေးတိုင်ပင်ပါ။

၇။ ရန်စကို ထိန်းချုပ်ပါ။ တစုံတယောက်က ကိုယ့်ကိုဆန့်ကျင်တိုက်ခိုက်လာရင်လည်း ချက်ချင်း မတုန့်ပြန် ပါနဲ့။ ဒေါသထွက်ရင် စကားထဲက အမှားပါလာတတ်ပါတယ်။ သည်းခံခြင်းက ကိုယ့်အတွက်ထိုက်တန်တဲ့ အခွင့်အရေးရလာပါလိမ့်မယ်။

၈။ ပျော်ပျော်နေပါ။ မိမိထက်နိမ့်ကျပြီး ကံမကောင်းအကြောင်းမလှတဲ့သူများကို ပေးကမ်းရက်ရောကူညီပါ။
     ဒါဟာ လုပ်သင့်လုပ်ထိုက်ပြီး မိမိအတွက် ခက်ခဲတာလည်းမဟုတ်။

၉။ အမြဲတမ်း အကောင်းမြင်တတ်ပါစေ။ ဥပမာ- ဖန်ခွက်ထဲကရေဟာ တဝက်ပြည့်နေတာ။ တဝက်မရှိတာ မဟုတ်ဘူး။ ကံဆိုးမှုတိုင်းကို ရှာဖွေသင်ခန်းစာယူတတ်ရင် ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ရရှိနိုင်မှာ   ဖြစ် ပါ တယ်။

၁၀။ အဖွဲ့အစည်း၊ ပါတီဖိတ်ကြားခြင်းကို ယဉ်ကျေးပျူငှာစွာ လေးစားဂုဏ်ပြုတဲ့အနေနဲ့ အမြဲတမ်း လက်ခံ တက်ရောက်ပါ။

၁၁။ မိမိထက် အဆင့်အတန်း၊ ရာထူး နိမ့်ကျသည်ဖြစ်စေ၊ မြင့်မားသည်ဖြစ်စေ အမြဲတမ်းတန်းတူ ဆက်ဆံ ရပါမယ်။ သင့်ထက်ဝါကြီးသူကိုရိုသေကိုင်းရှိုင်းရပါမယ်။ဖော်လံဖားသူမဖြစ်ပါစေနဲ့။ ရွယ်တူကို လေးစားပါ။

၁၂။ ရည်မှန်းချက်ကြီးကြီးထားပါ။  မိမိတတ်ကျွမ်းတဲ့ပညာနဲ့ ကြိုးစားလုပ်ကိုင်ပြီး အခွင့်အရေးကို ပိုင် ပိုင်နိုင်နိုင်   ဆုပ်ကိုင်ပါ။

ကိုယ့်အရည်အချင်းပေါ်မှာမူတည်ပြီးဘ၀ပြောင်းလဲနိုင်မယ့် အလုပ်မျိုးလိုချင်တယ်ဆိုရင်တော့ 
ကိုယ့်ဘက်က  အရည်အချင်းပြည့်အောင် အရင်ကြိုးစားရလိမ့်မယ်။

၁၃။ နေ့စဉ်လုပ်ရမယ့် အလုပ်ကို ပြီးမြောက်အောင်လုပ်ပါ။ အချိန်မဆွဲပါနဲ့။


၁၄။ သင်တတ်နိုင်တဲ့ အတိုင်းအတာအထိ သုံးစွဲပါ။ အလွန်အမင်းလည်း ခြိုးခြံမချွေတာပါနဲ့။ သူ့ ဈေးနှုန်းနဲ့တန်တဲ့ ပစ္စည်းမျိုးရှာဖွေဝယ်ယူပါ။

၁၅။ ဘာသာစကားတခုခုကို လေ့လာသင်ယူလိုက်စားပါ။ အထူးသဖြင့် နိုင်ငံတကာသုံး အင်္ဂင်္လိပ်စာကို ကျွမ်းကျင်အောင် ပြုလုပ်ပါ။


၁၆။ အစားထိုးမရတဲ့ ဆုံးရှုံးမှု (၂)ခုရှိတယ်။ အဲဒါက မိဘနှင့် အချိန်။


ရေးသားသူ - အမည်မသိ..။
ဆက်ဖတ်ရန် >>>

Monday, 11 March 2013

ကျွန်တော် အကြိုက်ဆုံး ၀တ္တုတိုလေး ....... :)


{မပိုင်ဆိုင်လိုက်ရတဲ့အရာဟာ အမြဲကို လှပနေသလိုဘဲ…}

ဒါပေမဲ့…
ရရှိလိုက်ပြီဆိုရင်ကော ရောင့်ရဲတင်းတိမ်ကြပြီလား…
လက်ထဲက အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ…
မျက်စိရှေ့ကလူကို တန်ဖိုးထားတတ်ကြပါစေဗျာ… ။



♥ ♂♀........
  သူက ကျနော်ရဲ့ တက္ကသိုလ် ကျောင်းနေဖက်ပါ… ကျနော်တို့ ချစ်သူဘ၀ ၃ နှစ်ရှိခဲ့ပြီး အခု အိမ်ထောင်သက်တမ်းကလဲ ၃နှစ်ပြည့်ခဲ့ပါပြီ…

ပြသနာ တစ်ခုပါဘဲ… သူနဲ့ကွာရှင်းပြီးတော့ သူနေရာသစ်မရမချင်း ကျနော်တို့ တစ်အိမ်တည်း အတူတူနေရဦးမှာပါ…

ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိတိုင်း ရယ်ချင်မိတယ်… ချစ်သူဘ၀တုန်းက ကျနော်တို့ဟာ အရမ်းကို ရိုးသားလွန်းတယ်… လက်တွဲတာ ပွေ့ဖက်တာတွေ ထားပါဦးတော့… လက်မထပ်ခင် အတူတူနေဖို့ဆိုတာ စဉ်းတောင် မစဥစားရဲဘူး… အခုကျတော့ ကွားရှင်းလိုက်ရပြီ…   တော်တော်လေးကို   ခေတ်မီနေ ပါပြီလေ…။

အိပ်ခန်းတစ်ခန်း… ဧည့်ခန်းတစ်ခန်းဘဲ ရှိတဲ့ တိုက်ခန်းလေးဟာ လင်မယား မဟုတ်တော့တဲ့ ကျား မ ၂ ယောက် အတူတူနေနေရဖို့အတွက် တော်တော်လေးကို အကိုင်ရခက်စေတယ်ဗျ…။

ပထမတစ်ညမှာ ကျနော်အိပ်ယာလိပ်ယူပြီး ဆိုဖာခုံပေါ်မှာဘဲ အိပ်လိုက်တယ်…။

ပထမတစ်ည အိပ်ရတာ တော်တော်လေးကို အရသာရှိတယ်… ဘေးမှာ နားပူနားဆာလုပ်မဲ့သူမရှိတဲ့ညဟာ အရမ်းကို ကောင်းတာဘဲ… တစ်ခုဘဲ… အိမ်က ဆိုဖာက နည်းနည်းပျော့ရင် ပိုကောင်းမယ်… အခုဟာက မာနေတော့ မနက်ထလာတဲ့အချိန် လည်ပင်း နည်းနည်းညောင်းကိုက်နေတာ တစ်ခုဘဲ…။

ရေချိုးခန်းရှေ့ကိုရောက်တော့ အထဲမှာ ရေချိုးသံကိုကြားနေရတယ်… အဲဒီ မိန်းမတော့လေ… ဘယ်အချိန်ကတည်းက ဒီအကျင့်ဆိုးရှိနေလဲ မသိပါဘူး… ညမအိပ်ခင်မှာ ရေချိုးတယ်… မနက်အိပ်ယာထလို့ရှိရင်လဲ ရေချိုးတယ်… တော်ပြီတော်ပြီ… ငါလဲ အကျင့်ပါနေပါပြီ… ကျနော်လဲ တံခါးကို ဆွဲဖွင့်ပြီးတော့ ၀င်သွားတယ်… အိမ်သာ အဖုံးကိုဖွင့်ပြီး အပေါ့သွားဖို့ ပြင်တုန်းမှာ “အား…” ဆိုတဲ့ အသံကြီးကို အမှတ်မထင်ကြားလိုက်ရတယ်…။

မနက်စောစောစီးစီး သရဲမြင်တာတော့မဖြစ်နိုင်ပါဘူး… ဘာတွေလျှောက်အော်နေတာလဲ… လန့်သွားလို့ အပေါ့တောင် ပြန်ဝင်သွားပြီ…“ကျမ ရေချိုးနေတာ ရှင်မမြင်ဘူးလား…ရှင်ယောကျာ်းကော် ဟုတ်ရဲ့လာ… ဘယ်ယောကျာ်းက မိန်းကလေးရေးချိုးနေတာကို အထဲဝင်လာပြီး အပေါ့သွားတာမျိုးရှိလဲ…” သူ ခန်းဆီးကို ဖွင့်ပြီး လက်တစ်ဖက်က ရေချိုးပုဝါကြီးနဲ့ သူ့ခန္ဓာကိုယ်ကို ဖုံးထားပြီး နောက်လက်တစ်ဖက်က ကျနော့ကို လက်ညိုးထိုးပြီး ဆုံးမတော့တာဘဲ…။

“နင်ဘာတွေ လာအော်နေတာလဲ… ငါတို့ ကြားမှာ ခန်းဆီးလိုက်ကာခြားထားသေးတယ်မဟုတ်လား… ငါ နင့်ကိုဘာမြင်ရမှာလဲ…။ ပြီးတော့ နင်ရေချိုးနေတုန်း ငါဝင်လာပြီးသေးပေါက်တာ ဒါ ပထမဆုံးအကြိမ်လဲမဟုတ်ဘူး… ဒီလောက်ထိ အဖြစ်သည်းနေဖို့ လိုလို့လာ… ပြီးတော့ နင့် ကိုယ်ခန္ဓာကိုယ်ကို မြင်နေရတာ ၃နှစ်တောင်ရှိပြီ…မျက်စိမိတ်ထားရင်တောင် ဘယ်လိုပုံစံမျိုးလဲဆိုတာ သိတယ်… ငါချောင်းကြည့်ဖို့လိုသေးလို့လာ… ”

“ရှင်…”
သူဒေါသထွက်လွန်းလို့ ဘာမှပြောမထွက်တော့ဘူး… ပုဝါ ကြီးနဲ့ ဖုံးအုပ်ထားပြီး ရေချိုးခန်းထဲကနေ ကတိုက်ကရိုက်ထွက်သွားတယ်… ပြီးတော့ အိပ်ခန်းတံခါး “၀ုန်း…”ကနဲ စောင့်ပိတ်လိုက်တဲ့ အသံ ကြားလိုက်ရတယ်…။

မိန်းမကြမ်း… ကြည့်ထားပေါ့… နင့်လိုစရိုက်မျိုးနဲ့ နောက်ကျရင် ဘယ်ကောင်က ယူရဲမှာလဲ…။

အပေါ့သွားပြီးတော့ ကျနော် အိပ်ခန်းဘက်ကို သွားလိုက်တယ်… ဒီနေ့ရုံးသွားဖို့ ၀တ်ရမဲ့ အင်္ကျီက အထဲက ဘီရိုမျာ ချိတ်ထားတယ်… ဒီမိန်းမတော့လေ… အထဲကနေ သော့ခက်ထားလိုက်တယ်… တံခါးကို အကြားကြီးခေါက်နေမှ အထဲကနေ တစ်သံထွက်လာတယ်…
 “ငါအင်္ကျီဝတ်နေတယ်…”

တော်ပါပြီ… ကွာရှင်းပြီးပြီဘဲ… သူ့ကို အလျှော့ပေးလိုက်ပါ့မယ်…။

နာရီဝက်လောက်ကြာမှ သူထွက်လာတယ်…၀တ်ထားတာက တောက်ပနေပြီး အသားဖြူဖြူေ ပါ် မှာ   နှုတ်ခမ်းနီရဲရဲ စိုးထားတယ်… နမြောဖို့ ကောင်းတာက သူ အပြင်ထွက်ခါနီးမှာ ကျနော့ကို မျက်စောင်းတစ်ချက်ထိုးလိုက်တာ သူ့အလှကို လျော့စေခဲ့တယ်… ဒီနာရီဝက်ကြောင့် ကျနော် ပထမဆုံးအကြိမ် ရုံးတက်နောက်ကျခဲ့တယ်…

ရုံးဆင်းပြီးနောက် ကျနော် အပြင်မှာဘဲ အချိန်တွေ ဖြုန်းနေခဲ့တယ်… ပျင်းဖို့ကောင်းပေမဲ့ သူမျက်နှာကို မြင်နေရတာထက်စာရင် ကောင်းပါသေးတယ်… ဒီလိုနဲ့ ည၉နာရီအထိ အပြင်မှာဘဲ ခေါက်ဆွဲတစ်ပွဲစားပြီး အိမ်ပြန်လာခဲ့တယ်…

ကျနော်အိမ်ထဲဝင်လိုက်တော့… သူက ဧည့်ခန်းမှာ မိန့်မိန့်ကြီးထိုင်နေတာကို ရုတ်တရက်တွေ့လိုက်ရတယ်… ကျနော်ဝင်လာတာကို မြင်တော့ မျက်နှာတစ်ချက်ပြုံးလိုက်တယ်… ကျနော်လဲ သံသယ များစွာနဲ့သူ့ရှေ့မှာ ထိုင်လိုက်တယ်… ဘုရား… ဘုရား… ကျနော့ကို ရေနွေးကြမ်းတွေ ငဲ့ပေးလို့…

သူဘာအကြံအစည်တွေရှိနေပါလိမ့်…။

ကျနော် စကားတစ်ခွန်းကို သွားသတိရမိတယ်… သိုးရေခြုံထားသော ၀ံပုလွေ…

“ဒီနေ့ ငါလဲ သေချာ စဉ်းစားကြည့်ပြီးပြီ… ငါတို့ နှစ်ယောက်ဟာ လင်မယားမဟုတ်တော့ဘူး… ငါက ရှင့်အိမ်ကို တစ်လငှားပြီး ခဏနေနေပေမဲ့ … ငါစဉ်းစားမိတယ်… ငါတို့ ဟို မလိုလားအပ်တဲ့ ပြသနာတွေ… အထင်လွဲမှားမှုတွေ မဖြစ်ရအောင် ငါတို့ စည်းကမ်းထုတ်ထားတာကောင်းမယ်…”

ပြောရင်းနဲ့ သူစာရွက်တစ်ရွက်ကို ငြင်သာစွာထုတ်လိုက်တယ်… ကျနော့ရှေ့မှာ စာရွက်ကို ကိုင်လှုပ်ပြပြီး ပြောလိုက်တယ်… “ရှင်ကြည့်ကြည့်လိုက်… သဘောတူတယ်ဆိုရင် အောက်မှာ လက်မှတ်ထိုးလိုက်.. ငါတို့တစ်ယောက်တစ်ရွက်ဆီယူထားမယ်…”

ကျနော်စာရွက်ကိုယူပြီး ကြည့်ကြည့်လိုက်တယ်…။

နံပါတ်တစ်… ရေချိုးခန်းကို တစ်ယောက်ယောက်က သုံးနေတဲ့အချိန်မှာ နောက်တစ်ယောက်က မည့်သည့်အကြောင်းပြချက်နှင့်မှ မ၀င်ရ…။
နံပါတ်နှစ်… တစ်ဦး၏ ခန္ဓာကိုယ်ကို အခြားတစ်ဦးက မည်သည့်အကြောင်းပြချက်နှင့်မှမထိရ…
…..
ကျနော်ရေတွက်ကြည့်တာ စုစုပေါင်း ၂၆ ချက်တောင်ရှိတယ်…။

“သဘောတူတယ်ဆိုရင် လက်မှတ်ထိုးလိုက်…” သူဘောပင်တောင် ကြိုပြင်ဆင်ထားပြီးပြီ…။

အစကတော့ သူ့ဒေါသကိုစွပေးမလို့ဘဲ… ပြန်စဉ်းစားကြည့်လိုက်တော့… မလိုအပ်တော့ပါဘူး… အများဆုံးရှိလဲ တစ်လဘဲပေါ့… အောင့်အီးပြီးတော့ဘဲ ကျော်ဖြတ်လိုက်ပါတော့မယ်… ကျနော်သူ့ကို မျက်လုံးအေးအေးနဲ့တစ်ချက်ကြည့်လိုက်တယ်… ဘောပင်ယူပြီး ကျနော့ လက်မှတ် ကိုေ ကာက် ထိုး လိုက်တယ်…။

“ဟုတ်ပြီ… ဒီလက်မှတ်ထိုးပေးတဲ့အတွက် ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့… ငါတို့ အတူတူနေနေရတုန်းမှာ ရှင့်ကိုဆက်ပြီးတော့ထမင်းချက်ကျွေးမယ်… ”

ဒီစည်းကမ်းချက်တွေရှိနေတော့ ဒီရက်ပိုင်းတွေမှာ လွတ်လပ်မှုမရှိတော့သလိုဘဲ… အစပိုင်းရက်ေ တွ မှာတော့ ဘာလုပ်လုပ် ထိန်းချုပ်ခံနေရတယ်လို့ခံစားရတယ်… ပြီးတော့ ကျနော်ကလဲ အပြင်မှာဘဲ ဆက်ပြီး ဝှေ့လည်နေပြီး ထမင်းစားတဲ့နေရာကိုရှာနေတယ်… ဟွန့်… ထမင်းချက်ကျွေးတာနဲ့ ငါက ကျေးဇူးတင်နေရမှာလာ… သိပ်ပျော်မနေနဲ့… မစားဘူး…။

မင်းရဲ့ထမင်းဟင်းကို တစ်လ မစားရလို့ ငါငတ်ပြီးသေမလားဆိုတာကိုကြည့်ရသေးတာပေါ့… အင်း ပြောသာပြောတာ… လျှောက်လည်ပတ်နေတုန်း သူများအိမ်က ထမင်းနံ့ ဟင်းနံ့ရလို့ရှိရင်လဲ စိတ်ထဲမှာတော့ တော်တော်လေးကို အားကျမိသား…။

ပထမ တစ်ပတ်လုံးကတော့ ငြိမ်းငြိမ်းချမ်းချမ်းဘဲ… ဘာပြသနာမှ မဖြစ်လိုက်ဘူး…။

တစ်နေ့မှာ ကျနော် အိမ်ထဲဝင်လာတုန်း သူကအပြင်ထွက်ဖို့ပြင်နေတယ်…။

“အပြင်ထွက်မလို့လာ?”… ကျနော့ပါးစပ်ကလွတ်ကနဲ ထွက်သွားတယ်… သူဒီလို ညဖက်မှာ အပြင်ထွက်တာ နောက်ရေမွှေးဖျန်းထားတာကို ကျနော်သိပ်သဘောမကျဘူး…။

“ဟုတ်တယ်… လင်းလင်းက ဒီနေ့သူ့သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့တဲ့… ရှင်ကြည့်ကြည့်… ဒီနေ့ဝယ်ထားတဲ့ အင်္ကျီ … လှတယ်မှတ်လားဟင်…” သူ မှန်ရှေ့မှာ ကိုယ်ကိုယ် ကို   သေချာကြည့်နေတယ်…။

“အင်း မဆိုးပါဘူး… ငတုံးတစ်ကောင်ကို ဖမ်းမယ်ဆိုရင်တော့မိနိုင်ပါတယ်…” အ နေတဲ့လူ တောင်သိတယ်… ကျနော့စကားက အကောင်းပြောနေတာမဟုတ်မှန်း…။

“ရှင်… ” သူ့မျက်နှာမှာ မနှစ်ခြိုက်တဲ့ အမူအရာ ပြန်ပေါ်လာပြီ… ဒါပေမဲ့ ပြန်လှည့်သွားပြီးတော့ မရယ်ချင်ရယ်ချင်နဲ့ ခပ်တိမ်တိမ် အသက်မပါတဲ့ရယ်သံနဲ့ရယ်လိုက်တယ်…။

“ဟုတ်တယ်လေ… အခုက လူလွတ်ဘ၀ ပြန်ရောက်သွားပြီဆိုတော့ ငတုံးတစ်ယောက်ကို အမိဖမ်းမယ်ဆိုလဲ ငါ့မှာ ဖမ်းခွင့်ရှိပါတယ်… ငါ့ကို တန်ဖိုးထားမဲ့လူတစ်ယောက်ထွက်ပေါ်လာမှာဘဲ… ရှင်လဲ အသက်မငယ်တော့ဘူးနော်… ကိုယ့်ဘ၀ရှေ့ရေးအတွက်ကြည့်ဦးနော်…” ပြောပြီး ကျနော့်ကို ဒေါသ အကြည့်တစ်ချက်ကြည့်လိုက်တယ်…။

“ကဲ… ဒါဆိုရင်လဲ ဒီည ငတုံးကြီးကြီးတစ်ယောက်ကို ဖမ်းမိပါစေဗျာ… သူများက အိမ်ကြီးကြီး လက်ဆောင်ပေးခဲ့ရင် ငါ့ကို နှစ်ညလောက်တော့ ပေးနေဦးပေါ့… ” “အိုး… ဒီစကားမျိုးက သနားစရာလေးပါလား… ဘာလဲ… သ၀န်တိုနေတာလား?”… သူဟားဟားဟား ရယ်မောလိုက်တယ်…

“သွားတော့… သွားတော့… ငါမျက်စိနောက်တယ်…” ကျနော် သူ့ကို တံခါးပါဆွဲဖွင့်ပေးလိုက်တယ်… သူမျက်စောင်းထိုးပြီး အပြင်ထွက်သွားတယ်… ကျနော့ကို “ဟင့်” ဆိုပြီး လုပ်ခဲ့သေးတယ်… ကျနော်လဲ တံခါးကို ၀ုန်းခနဲ ပိတ်လိုက်တယ်…။

မျက်စိနောက်တဲ့လူ မရှိတော့ဘူးဆိုတော့ ကျနော်လဲ အင်တာနက်ပေါ်တက်ပြီး… ညီမလေးတွေနဲ့လျှောက် ကျူတော့တာပေါ့… ထိန်းချုပ်မဲ့လူမရှိတော့ လွတ်လွတ်လပ်လပ် ပြောချင်ရာပြောလို့ရပြီ… ဝေး….

ဒါပေမဲ့ ကျနော့စိတ်ထဲမှာ နေလို့မကောင်းနေဘူး… ကျနော် တကယ်ဘဲ သ၀န်တိုနေတာလား?
ကျနော် ကိုယ့်ဟာကိုယ် ရယ်ချင်လာတယ်… လျှောက်စဉ်းစားမနေပါနဲ့… ကွာရှင်းဖို့ဆိုတာလဲ ကျနော်စပြီး ပြောခဲ့တာပါဘဲ…။

အချိန် ၂ နာရီလောက်ကြာပြီးတော့… သူပြန်လာပါပြီ… သူ ကျနော့ရှေ့ကို ဖြတ်လျှောက်တုန်း သူ့မျက်နှာကိုတွေ့လိုက်တယ်… မျက်နှာပျက်နေတယ်… သူအိပ်ခန်းထဲကိုဘဲ တိုက်ရိုက်ဝင်ပြီး အိပ်လိုက်တယ်… ရေတောင်မချိုးတော့ဘူး…။သူစိတ်မကောင်းဘဲ ဖြစ်ပြီးပြန်လာတာမြင်တော့ ကျနော့ စိတ်ထဲမှာက ပျော်လာတယ်… ဟေဟေ… နည်းတောင်နည်းသေးတယ်… ကျနော်လဲ ပျော်ပျော်နဲ့ အိပ်ချလိုက်တယ်…။

ညသန်းခေါင်မှာ သူ့ရဲ့စူးရှတဲ့ အသံကြောင့် လန့်နှိုးလာခဲ့တယ်… ဘာဖြစ်နေတာလဲ ဆိုတာကို ထကြည့်မယ်လုပ်တုန်း သူက အိပ်ခန်းထဲကနေ ညအိပ်ဝတ်နဲ့ပြေးထွက်လာတယ်… ဆိုဖာပေါ်ခုန်တက်လိုက်ပြီး ကျနော့လည်ပင်းကိုတုန်တုန်နဲ့ အသေဖက်ထားတယ်… “ဘာဖြစ်တာလဲ?” ကျနော်သူ့ နောက်ကျောကိုပုတ်ပြီးမေးလိုက်တယ်… “ပိုးဟပ်… ” သူဒီစကား နှစ်လုံးပြောလိုက်တာနဲ့ ကျနော်သဘောပေါက်သွားပြီ….။

ဒီ မိန်းမတော့လေ… ကျနော့အပေါ်မှာသာ မောက်မောက်မာမာ ဆက်ဆံတာ… အကောင်သေးေ သးေ  လးတွေကျတော့ အသေကြောက်တတ်တယ်… ပိုးဟပ်… ကြွက်… ကြောင်… ခွေး… စတာတွေ… တွေ့လိုက်တိုင်း အော်လိုက်တာ နေ့ဝက်လောက်ကြာတယ်… ကျနော်ခွေးလေးတစ်ကောင်မွေးချင်တာတောင် မမွေးလိုက်ရဘူး…။

“လိမ္မာတယ်… မကြောက်နဲ့တော့နော်… ”ကျနော် ခါတိုင်းလိုဘဲ သူ့ကိုနှစ်သိမ့်ပေးလိုက်တယ်… အခန်းထဲဝင်ပြီး ပိုးဟပ်ကို ချေမှုန်းပေးမယ်ပေါ့… အခန်းထဲဝင်ပြီး နေရာ အနှံ့ရှာပေမဲ့ အရိပ်တောင်မတွေ့ရတော့ဘူး… ပြန်ထွက်လာလိုက်တယ်…။

ကျနော်ဆိုဖာပေါ်မှာ ထိုင်လိုက်တာနဲ့ ကျနော့ လည်ပင်းကို ပြန်ဖက်ထားပြီး… “သေသွားပြီလား?” သူမျက်နှာ မှာ ကြောက်လွန်းလို့ မျက်ရည်တောင်ထွက်လာတယ်… ဒါပေမဲ့ ညဘက် မီးမှိန် အောက်မှာ နှင်းဆီပွင့်ပေါ် မိုးရေစက်တင်နေသလို ခံစားချက်လေးကိုပေးတယ်…။

“အင်း… ငါရိုက်သတ်လိုက်ပြီ…မကြောက်နဲ့တော့… ပြန်အိပ်တော့… ငါတို့ နှစ်ယောက်လုံး မနက်ဖန်ရုံးတက်ရဦးမယ်… ”

ကျနော်သူ့ကိုလိမ်လိုက်တယ်… ကျနော်သိတယ် သူ့ကို ရှာမတွေ့ဘူး… မရိုက်သတ်လိုက်ရဘူးလို့ပြောလိုက်ရင် ကျနော့ကို ထပ်သွားရှာခိုင်ဦးမှာ သေချာတယ်… ကျနော်လဲ ဒီည အိပ်ရတော့မှာ မဟုတ်ဘူး… “ငါမအိပ်ရဲဘူး… ပြန်မအိပ်တော့ဘူး…”

“နင်မေ့သွားပြီလား… ငါတို့ ကွာရှင်းပြီးသွားပြီလေ… ပြီးတော့ ငါတို့ရဲ့စည်းကမ်းချက်ထဲက နံပါတ် ၂ တစ်ချက်ကိုလဲ ချိုးဖောက်လိုက်ပြီ… နင်ဦးဆုံး ငါကိုလာထိနေတယ်… ” ကျနော့ လေသံက အေးစက်နေတယ်… “ဟွန့်… ညနေကတော့ ငတုံးတစ်ကောင်ကို သွားဖမ်းတယ်… ပိုးဟပ်တွေ့မှဘဲ ငါ့ကို သတိရတယ်…”

သူ ဒီစကားကို ကြားပြီးတော့ ခဏတာ ငြိမ်သွားတယ်… ပါးစပ်ကို ကိုက်ပြီး “ဆောရီး…” လို့တစ်ခွန်းပြောပြီး အခန်းထဲ ၀င်သွားတယ်… ပြီးတော့ “၀ုန်း” ဆိုတဲ့ တံခါးပိတ်သံကိုကြားလိုက်ရတယ်…။

ကျနော်လဲ ခပ်ကြောင်ကြောင်ထိုင်နေပြီး ရုတ်တစ်ရက် ကိုယ့်ပါးကို ကိုယ် တစ်ချက်ချလိုက်မိတယ်…။

ကျနော် ဆိုဖာပေါ်မှာ အိပ်နေတာ… အိပ်ချင်စိတ်တစ်စက်မှ မရှိဘူး… ၀ိုးတိုးဝါးတားမှာ အိပ်ခန်းထဲက ငိုသံကို ကြားနေရသလိုဘဲ… ၀င်သွားရမလား မ၀င်ရဘူးလားဆိုတာကို စိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်နေတယ်… ကိုယ့်ပါးကို ကိုယ် ပြန်ချမိတယ်… ယောက်ျားဆိုရင် ၀င်သွားကွာ ဆိုပြီး ဆုံးဖြတ်လိုက်တယ်…

ကျနော် အခန်းတံခါးကို ဖွင့်လိုက်တယ်… သူစောင်ထဲမှာ ငိုနေတာကိုတွေ့လိုက်ရတယ်… ကျနော် ကုတင်ဘေးမှာထိုင်ပြီး စောင်ကို လှန်လိုက်တယ်… သူ့ကို ညင်ညင်သာသာလေးမေးလိုက်တယ်… “ဘာဖြစ်နေတာလဲ?” အမှန်အတိုင်းဝန်ခံရရင် သူ့ မျက်နှာတစ်ခုလုံး မျက်ရည်တွေနဲ့ စိုရွှဲနေတာကို မြင်ရတာ စိတ်ထဲမှာ အရမ်းကို နာကြင်စေတယ်ဗျာ…။

“ရှင် ဘာဝင်လာလုပ်တာလဲ… ငါတို့ ကွာရှင်းပြီးသွားပြီ မဟုတ်လား… ရှင့်ရဲ့ ဂရုစိုက်မှုတွေ မလိုချင်ပါဘူး… ထွက်သွား… ထွက်သွား… ” သူကျနော့ကို တွန်းထုတ်တယ်… ခေါင်းအုံးနဲ့ပေါက်တယ်… “တောင်းပန်ပါတယ်ကွာ… ခုဏက ငါစကားပြောမှားသွားတာ… ငါ့ကို ခွင့်လွတ်ပါနော်… ”

ကျနော် သူဘာဖြစ်နေသလဲဆိုတာ ဂရုမစိုက်တော့ဘူး… သူ့ကိုရင်ခွင်ထဲမှာ ဆွဲသိပ်ထားလိုက်တယ်… သူ့မျက်နှာပေါ်က မျက်ရည်တွေကို ညင်ညင်သာသာလေး နမ်းပေးလိုက်တယ်… သူကလဲ ကျနော့ကို ထပ်ပြီး မအော်နေတော့ပါဘူး… ကျနော့လည်ပင်းကို သိုင်းဖက်ထားပြီးတော့ အားရပါးရကို ငိုတော့တာဘဲ…။

နောက်ဆုံးတော့ သူငိုရင်းနဲ့ ဒီနေ့ဘာလို့ ဒီလောက်ထိစိတ်ညစ်နေရတဲ့အကြောင်းရင်းကို ပြောပြတယ်…
ဘာလို့လဲဆိုတော့ သူ့ဟို သူငယ်ချင်းကောင်းမဆန်တဲ့ သူငယ်ချင်း လင်းလင်းက သူ့ကိုမိတ်ဆက်ပေးတဲ့လူက အဖေ့အရွယ်လောက်ရှိတဲ့ အဖိုးကြီး… ခဏဘဲ တွေ့ရသေးတယ်… လက်ကိုင်ခြေကိုင်လုပ်လာပြီ… လင်းလင်းကလဲ သူ့ကို ဖျောင်းဖျသေးတယ်… နင်က တစ်လင်ကွာထားပြီဘဲ… ဒီအဖိုးကြီးနဲ့ဆို မဆိုးပါဘူး…။

“ငါ ကွာရှင်းဖူးတာနဲ့ သူများထက်တစ်ဆင့်နိမ့်နေပြီလား… ငါတို့ဘာဖြစ်လို့ ကွာရှင်းရတာလဲ… ” သူ ငိုရင်းနဲ့ ကျနော့ကိုမေးတယ်… ကျနော့လည်ပင်းကို ဖက်ထားတာ မလွတ်ဘူး…။အရေးမရှိတော့ပါဘူးလေ…

ဒီလိုနဲ့ ကျနော်တို့ ၂ ယောက်လုံး မောမောနဲ့ အိပ်ပျော်သွားကြတယ်…

နိုးလာတဲ့ အချိန်မှာ နေတောင်ထွက်နေပါပြီ… ကျနော်က သူ့ကိုဖက်ထားသေးတယ်… သူကလဲ ကျနော့လည်ပင်းကို ဖက်ထားသေးတယ်…

ကျနော် မလှုပ်ရဲဘူး… သူ့အိပ်မက်ကောင်းလေးကို လှုပ်နိုးမိမှာ စိုးလို့… ဒီလို ခံစားချက်မျိုးမရှိတာ တော်တော်လေးကို ကြာခဲ့ပါပြီ… ၂ ယောက်သား အတူရှိနေတဲ့ အချိန်ဟာ ကြာလာလေ… မနက်ခင်း မိုးလင်းတိုင်းမှာ ဒီလို ခံစားချက်ဟာ ပျောက်ဆုံးလေ ဖြစ်နေတယ်…

ပြီးခဲ့တဲ့ နေ့ရက်တွေကို ပြန်စဉ်းစားလိုက်ရင် ကျနော်တို့ဟာ အမြဲတမ်းလိုလို အလုပ်ရှုပ်နေတဲ့ကြားက နိုးထလာရသလိုဘဲ… တစ်ဖက်လူကို ညည်းညူနေပြီး ရုံးတက်ဖို့ကို ပြင်ဆင်နေကြတယ်… ကျနော်တို့နှစ်ယောက် ဘာဖြစ်လို့ ဒီလိုအခြေအနေထိ ရောက်သွားရပါလိမ့်…

သူလဲ နိုးလာပြီ…

သူသတိထားမိလိုက်တယ်… လည်ပင်ကို ဖတ်ထားတဲ့လက်ကို ဖြေလျှော့လိုက်ပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်တယ်… “မောနင်း… ”

ကျနော်လဲ ဖက်ထားတဲ့လက်ကို ကမန်းကတန်း ဖယ်လိုက်ပြီး ကုတင်ပေါ်ကနေ ခုန်ဆင်းလိုက်တယ်…

“မနေ့ညက… ”
“မနေ့ညက ဘာမှ မဖြစ်ပါဘူ… ရုံးတက်ဖို့ပြင်တော့… နောက်ကျနေဦးမယ်…”

အဲဒီလိုမျိုး တစ်ညတာ ရှိလိုက်တဲ့အတွက် ကျနော်တို့ နှစ်ယောက်ရဲ့ အခြေအနေဟာ ပြောင်းလဲမှု နည်းနည်းလေး စဖြစ်လာတယ်… ရုံးဆင်းတော့ လမ်းမှာ သူကြိုက်တဲ့ ဆနွင်းမကင်း ရောင်းနေတာတွေ့တော့ ၀ယ်လိုက်တယ်… ၀ယ်ပြီးခါမှ တွေဝေနေရတယ်… အိမ်ဘဲ ပြန်ရင်ကောင်းမလား… ခါတိုင်းလိုဘဲ လျှောက်ပတ်ရေပြီး အချိန်ဖြုန်းရင်ကောင်းမလား…

“အစ်ကို ဒါကတော့ အခုလောလောလပ်လပ်လေး ထွက်လာတာ… မြန်မြန်စားလေစားလို့ကောင်းလေဘဲ… ကြာသွားရင် သိပ်မကောင်းတော့ဘူး… ” ရောင်းတဲ့ကောင်လေးက ကျနော့ကို ပြောလိုက်တယ်…

ကျနော်လဲ မျက်နှာပြောင်နဲ့ အိမ်ကိုဘဲ ပြန်လိုက်တယ်… အိမ်ရောက်တော့ သူက ထမင်းဟင်းချက်နေတယ်…

“အင်း… အင်း… ငါလမ်းမှာ ဆနွင်းမကင်းရောင်းနေတာတွေ့လို့ ၀ယ်လာလိုက်တယ်…” မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေတဲ့ သူ့ကို ပြောပြလိုက်တယ်…။

သူဝမ်းသာစွာနဲ့ဘဲ ထွက်လာပြီး တစ်တုံးယူစားလိုက်တယ်…“လက်သွားဆေးတော့… ထမင်းစားရအောင်…”

ထမင်းစား စာပွဲပေါ်က ဟင်းတွေမြင်တော့ ကျနော့ အကြိုက်ဟင်းတွေဘဲ… စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်…

ပြန်ပြီး ရေတွက်ကြည့်လိုက်ရင် အပြင်မှာ စားနေရတာ ရက်ပေါင်း ၂၀ ကျော်လောက်ရှိပြီ… သူလုပ်တဲ့ ဟင်းတွေက အရမ်းကို မွှေးတာဘဲ…။

“စားတော့…”

ကျနော်လဲ ထမင်းပန်ကန်ကို ယူပြီးစစားတော့တယ်…။

“ဖြည်းဖြည်းစား… နင်နေဦးမယ်…ရော့… ဟင်းရည်သောက်ဦး…” ကျနော့ကို ဟင်းရည်တစ်ခွက် ခပ်ပေးလိုက်တယ်…

“ရော့… ဒါလေးက လတ်ဆပ်တယ်…” ကျနော့ကို ဟင်းတစ်ဇွန်းထည့်ပေးလိုက်တယ်…
“ရှင်တော်တော်လေး ပိန်သွားတယ်… နောက်ကျရင် အပြင်မှာ မစားနဲ့တော့… ဈေးကြီးပြီး အဟာရလဲ မဖြစ်ဘူး… အိမ်ဘဲ ပြန်စားတော့…”
…….

စားပြီးလို့ ကျနော် ပန်ကန်ဆေးဖို့ ပြင်နေတုန်း…
“ထားပါတော့… အိမ်ထောင်ကျပြီးလို့တောင်ကြာရောပေါ့… ရှင် ဆေးတာ တစ်ခေါက်မှ မတွေ့ဖူးပါဘူး…ငါဘဲ ဆေးလိုက်ပါ့မယ်…”

“ငါ…”
“ဘာမှ မဖြစ်ဘူး… ငါလဲ အကျင့်ပါနေပါပြီ… သွား တီဗွီ သွားကြည့်တော့… ငါခဏလေးသိမ်းလိုက်ရင် ပြီးပါပြီ…”
ကျနော်ရေနွေးကြမ်းတစ်ခွက်ထည့်လိုက်တယ်… သူ့အတွက်လဲ တစ်ခွက်ထည့်ပေးလိုက်တယ်…

သူ ဆေးကြောပြီးတော့ ကျနော့ဘေးမှာ လာထိုင်လိုက်တယ်… ကျနော်လဲ ထည့်ထားတဲ့ ရေနွေးခွက်ကို သူ့ရှေ့ပို့ပေးလိုက်တယ်…
“နင် ဘယ်လိုင်းကြည့်ချင်လဲ…” ကျနော်သူ့ကိုမေးလိုက်တယ်…
“ရှင် ဒီနေ့ဘာလို့ ဒီလောက်ထိအားနာနေရတာလဲ… ငါမနေတတ်တော့ဘူး… ” သူရယ်ပြီးပြောလိုက်တယ်…
ကျနော်လဲ ရှက်ရှက်နဲ့ ကိုယ့်ခေါင်းကို ပွတ်ပြီးတော့ ပြောလိုက်တယ်… “ငါအရင်က အရမ်းဆိုးလို့လား…”
“ဆိုးတယ်? ဘယ်သူက ရှင့်ကို ဆိုးတယ်လို့ပြောနေလို့လဲ… ရှင်က ပျင်းတာ… အခု ငါတို့ ကွာရှင်းပြီးပြီဆိုတော့ ရှင်လဲ ရှင့် အ၀တ်တွေ ဘယ်လိုလျှော်ရမလဲဆိုတာမေ့နေပြီ… မစဉ်းစားကြည့်ဘူးလား… ရှင့်အ၀တ်တွေကိုဘယ်သူလျှော်ပေးနေရတယ်လို့… နောက်ကျရင်တော့ ကိုယ့်ဟာကိုယ် ကောင်းကောင်းဂရုစိုက်နော်…”
“ကွာရှင်း… အင်း… ဟုတ်တယ်… ငါတို့ကွာရှင်းပြီးသွားကြပြီ…” ကျနော် နှုတ်ဆိတ်သွားတယ်…

သူလဲ ငြိမ်သက်သွားတယ်…

အဲဒီညက ကျနော်တို့ ၃နာရီလောက် အတူတူထိုင်ပြီး တီဗွီကြည့်နေလိုက်တယ်… စကားမပြောဘူး… လိုင်းမပြောင်းဘူး… ဘာတွေကြည့်နေသလဲဆိုတာလဲ မသိလိုက်ဘူး…

ရက် ၃၀ဟာ ခဏလေးနဲ့ ပြည့်သွားတယ်…အဲဒီနေ့က ထမင်းစားပြီးတော့ သူကျနော့ကိုပြောလိုက်တယ်… အိမ်ရှာတွေ့ပြီတဲ့… ဒီအပတ်တနင်္ဂနွေနေ့ဆို အိမ်ပြောင်းလို့ရပြီ… ကြားကြားချင်း ကျနော့စိတ်ထဲမှာ လုံးဝဟာတာတာဖြစ်သွားတယ်…

စနေနေ့ဟာ ရောက်လာတာ အရမ်းကိုမြန်တာဘဲ… ကျနော်ဆိုဖာပေါ်မှာထိုင်နေပြီး သူကျနော့ရှေ့ကို ဖြတ်သွားဖြတ်လာနဲ့ ပစ္စည်းတွေသိမ်းနေတယ်…

အခန်းထဲမှာတော့ရှုပ်ပွနေတယ်… ဒါပေမဲ့ လေထုက ငြိမ်သက်နေတယ်… ကျနော်တို့စကားမပြောကြဘူး… သူဘာများချန်ခဲ့မလဲ? ကျနော့စိတ်ထဲမှာ အရမ်းသိချင်နေတယ်… ဒါပေမဲ့ ကျနော်သူ့ကိုမမေးဘူး…

“နင်ဖြည်းဖြည်းသိမ်း… ငါအပြင်ထွက်လိုက်ဦးမယ်…” သူ့အဖြေမကြားခင်မှာ ကတည်းက ကျနော် အပြင်ထွက်သွားတယ်…

အိမ် အပြင်ဘက်က မိုးကောင်းကင်ဟာ အရမ်းကိုပြာတယ်…
လွန်ခဲ့တဲ့ ၃ နှစ်လောက်က လေတံခွန် အတူတူလွှတ်ခဲ့တဲ့တစ်နေ့နဲ့ တော်တော်လေးတူတယ်…
အိမ်အပြင်က နေရောင်ခြည်ဟာ တော်တော်လေးနုတယ်…
လွန်ခဲ့တဲ့ ၃ နှစ်က ဒီလိုဘဲ ငါတို့ကို နွေးထွေးစေခဲ့တာလား…
အိမ်အပြင်ဘက်မှာ စုံတွဲတွေ တော်တော်များတယ်…
ငါတိုလဲ ဒီလိုဘဲ ချိုချိုမြိန်မြိန်နဲ့ ၃ နှစ်တာ ဖြတ်သန်းခဲ့ရတယ်…

“မေမေ… ဦးငိုနေတယ်…” ဘေးက ကလေးလေးတစ်ယောက်က သူ့မေမေကိုအော်ပြောလိုက်တယ်…
ကျနော် မျက်လုံးကို ပွတ်ပြီး… အတင်းပြုံးပြလိုက်တယ်… “ဦး မျက်လုံးထဲ ဖုန်ဝင်သွားလို့ပါ… ”

ကျနော်လဲ ကိုယ့်ကိုယ်ကို ရယ်လိုက်ပြီး ဦးတည်ရာလမ်းကြောင်းတစ်ခုရွေးလိုက်ပြီး လျှောက်သွားနေခဲ့တယ်…

ညနေရောက်တဲ့အထိ အပြင်မှာ လျှောက်သွားနေတုန်းဘဲ…

ဖုန်းသံမြည်လာတယ်… သူ့ဆီက စာဝင်လာတာပါ… “ညစာ ချက်ပြီးသွားပြီ… ငါတို့ နောက်ဆုံးတစ်ကြိမ် အတူတူထမင်းစားရအောင်…”

ကျနော် ချက်ချင်း အိမ်ကို ပြေးပြန်သွားတယ်…

အိမ်ထဲမှာ မီးပိတ်ထားတယ်…ထမင်းစားစာပွဲပေါ်မှာ ဖယောင်းတိုင်ထွန်းထားတယ်… ဟင်တွေက တော်တော်လေးစုံတယ်… ၀ိုင်တစ်ပုလင်းပါပါတယ်…

ကျနော် သူ့ကို မင်္ဂလာဆောင်တုန်းက ၀ယ်ပေးခဲ့တဲ့ အနက်ရောင်ဂါဝန်ကို ၀တ်ထားတယ်…

“ငါတို့ မင်္ဂလာဆောင်တာ ၃ နှစ်ရှိပြီ… ၀ိုင် အတူတူမသောက်ဖူးသေးဘူး…ဒီညပြီးရင် ငါလဲသွားရတော့မယ်…ငါတို့ အတူတူ တစ်ကြိမ်လောက်သောက်ရအောင်နော်… ” သူပြောနေရင်းနဲ့ ကျနော့ ခွက်ထဲကို ၀ိုင်တစ်ခွက်ထည့်ပေးလိုက်တယ်… “Cheers!” ခွက်ချင်းထိတိုက်လိုက်တယ်…

ကျနော်တို့ ဘာမှထပ်မပြောတော့ဘူး… ဘာဆက်ပြောရမှာလဲ? ဘာဘဲပြောပြော မနက်ဖန်ရဲ့ အဖြေကို မပြောင်းလဲနိုင်တော့ပါဘူး…တော်ပါပြီ… မစဉ်းစားချင်တော့ဘူး… အရက်သောက်ပြီး ဟင်းလေးစားလိုက်တယ်… အကောင်းဆုံးကတော့ မူးသွားရင် အကောင်းဆုံးဘဲ… နိုးလာတဲ့အချိန် သူထွက်ခွာသွားပြီးတဲ့အချိန် ဖြစ်နေရင်အကောင်းဆုံးဘဲ… သူထွက်သွားဖို့က တောက်လျှောက်ကျနော် မျှော်မှန်းထားတာ မဟုတ်ဘူးလား…ဒီလောက် လျှာရှည်တဲ့ မိန်းမကို မကြည့်ချင်နေတော့တာ မဟုတ်ဘူးလား… ကျနော် ပျော်ရမှာလေ!

နောက်ကျရင် ဘောလုံးပွဲကြည့်တာ ဘယ်လောက်ထိ ညနက်နက် ဘေးမှာ သွားအိပ်ဖို့ တတွတ်တွတ် ရွတ်နေမဲ့သူမရှိတော့ဘူး… ဘယ်လောက်ထိမိုက်လဲ… ရေမချိုးဘဲ အိပ်ယာထဲ ၀င်ရင်လဲ ညစ်ပတ်တယ်လို့ ရေရွတ်နေမဲ့သူ မရှိတော့ဘူး… ဘယ်လောက်ထိကောင်းလဲ… ငါ မပျော်ရွှင်စရာ အကြောင်းမရှိပါဘူး… ဒါပေမဲ့ ဘာဖြစ်လို့… ဒီဝိုင်ဟာ ငါ့ပါးစပ်ထဲမှာ ခါးတီးနေရတာလဲ?

“ရှင့်ရဲ့ အ၀တ်တွေ ဘီရိုထဲမှာ သေချာ သိမ်းထားပေးပြီ… ဘောင်းဘီတိုနဲ့ခြေအိတ်တွေကတော့ ကုတင်အောက်က အံဆွဲထဲမှာ…ရှင် အစာအိမ်မကောင်းဘူး… ညဘက်သိပ်မနက်စေနဲ့… ကိုယ့်ကိုယ်ကိုလဲ အစားလေးဘာလေး ချက်ကျွေးဦး… ရေခဲသေတ္တာထဲမှာ အစားတွေဝယ်ထည့်ထားပေးတယ်… ကိုယ့်ကိုယ်ကိုလဲ ထမင်းချက်နည်းလေးသင်ထားဦး… အပြင်မှာဘဲ စားမနေနဲ့… အစာအဟာရရှိအောင်စား… ကြုံစားဘဲ လုပ်မနေနဲ့…”

“ဒီတစ်လ ဖေဖေမေမေတို့ကို လွဲပေးရမဲ့ ပိုက်ဆံလွဲပေးပြီးပြီ… နောက်လတွေမှာလဲ လွဲပေးဖို့မမေ့နဲ့ဦး… အားရင်လဲ သူတို့ဆီကို ဖုန်းဆက်ဦး… သူတို့က နင့်ကို သတိရနေတယ်… ငါဒီနေ့ သူတို့ဆီဖုန်းခေါ်လိုက်သေးတယ်… ဖေဖေ့ ဖုန်းက ပျက်နေတယ်တဲ့… ဒီနေ့ဘဲ ကြုံလို့ ဟန်းဆက် အသစ်တစ်လုံးဝယ်ထားပေးတယ်… အမြန်ချောပို့နဲ့ ပို့ပေးလိုက်ဦး… ဖေဖေ အခုတလော ခြေလက်တွေ ကိုက်နေပြန်ပြီ… ဟိုတစ်ခေါက်က ၀ယ်ထားပေးတဲ့ဆေးလဲ ကုန်လောက်ပြီ… ရော့ ဒါက ၀ယ်ရမဲ့ဆေးနာမည်နဲ့ လိပ်စာ… မနက်ဖန်ဝယ်ပြီး အမြန်ချောနဲ့ တစ်ခါတည်းထည့်ပေးလိုက်… ”

“ငါတို့ ကွာရှင်းလိုက်တဲ့အကြောင်းသူတို့ကို မပြောရသေးဘူး… နင် နောက်ကျရင် အခွင့်ကြုံမှဘဲ သေချာစဉ်းစားပြီး သူတို့ကိုပြောပြလိုက်ပါတော့… ဖေဖေက ဘာဘဲပြောပြော သူ့ကို စိတ်မဆိုးနဲ့နော်… ဒါက ဖေဖေနဲ့မေမေအတွက် သိုးမွေးအင်္ကျီ… မနက်ဖန်တစ်ခါတည်းထည့်ပေးလိုက်… ”

သူ တစ်ခုပြီးတစ်ခု ကျနော့ကို မှာနေတယ်… ကျနော် အားလုံးကို မှတ်မိချင်တယ်… အားလုံးကိုလဲ မမှတ်မိစေချင်ဘူး… ကျနော် ကိုယ့်ကိုယ်ကို တော်တော်လေးတုံးပါလားလို့ ခံစားလာမိတယ်… အိမ်မှာ ၃ နှစ် ၃ မိုးနေလာတာ… အားလုံးဟာ ကျနော်နဲ့စိမ်းနေသလိုဘဲ… ကျနော် ကြောက်လာတယ်… တစ်ယောက်တည်း ဆက်နေသွားလို့ဖြစ်ပါ့မလားဆိုတာ မသိဘူး…

“ဒါကတော့ လက်ထပ်တုန်းက မေမေပေးထားတဲ့ လက်စွပ်လေးပါ… ငါမယူသွားတော့ပါဘူး… မေမေ့ကို ငါ့အစားတောင်းပန်လေးလိုက်နော်…” အစိမ်းရောင် တောက်နေတဲ့ ကျောက်စိမ်းလက်စွပ်လေးပါ… အရောက်တောက်လွန်းလို့ ကျနော့ မျက်စိကိုတောင် စူးရှမတက်မပါဘဲ… “ငါယူသွားမဲ့ ပစ္စည်းတွေက ငါတို့ သဘောတူထားတဲ့ဟာတွေပါဘဲ…”
သူမတ်တပ်ရပ်ပြီး လေးဘက်တွေကိုတစ်ချက်ကြည့်လိုက်ပြီး မေးတယ်… “မရှင်းတာရှိလား?”

ကျနော် မရှင်းတာ ဘာရှိလဲ… ကျနော်ဘာမှမသိဘူး… ကျနော်သိတာ တစ်ခုဘဲ ရှိတယ်… ကျနော်သူ့ကို ထွက်မသွားပါနဲ့လို့ အတားချင်ဆုံးအချိန်မှာ သူကျနော့ဆီက ထွက်ခွာသွားတော့မယ်…
သူကျနော့ကို အမြဲပြောတယ်… ယောက်ျားမဟုတ်ဘူးတဲ့… သူ ကျနော့ကို သိက္ခာချနေတယ်လို့ဘဲ ထင်ခဲ့တယ်… အခုမှ ကျနော် သဘောပေါက်လိုက်တယ်… ဟုတ်ပါတယ်… ကျနော်ယောက်ျားမဟုတ်ပါဘူး… ကလေးလေး တစ်ယောက်လိုဘဲ သူ့ရဲ့ ပြုစုယုယမှုအောက်မှာ နေလာခဲ့တာပါ…

“နင်မေးစရာ မရှိတော့ဘူးဆိုရင် ငါတို့စောစော နားကြရအောင်… ဒီညတော့ နင် အခန်းထဲမှာ အိပ်လိုက် ငါ ဆိုဖာပေါ်မှာဘဲ အိပ်လိုက်မယ်… မနက်ဖန် မနက်အစောကြီး ပြောင်းရွှေ့ရေး ကလူတွေလာရင် နိုးနေဦးမယ်… အထဲမှာဘဲ အိပ်လိုက်တော့…”

ကျနော်လဲ ဘာဆက်ပြောရမလဲမသိတော့ဘူး…ခေါင်းငုံ့ပြီးတော့ အခန်းထဲဝင်ပြီး တံခါးကို ပိတ်လိုက်တယ်…

ကျနော် တညလုံး မျက်နှာကျက်ကိုဘဲ ကြည့်နေမိတယ်…

မနက် မိုးလင်းလို့ နေရောင်ခြည်ဟာ အခန်းထဲဝင်လာတယ်…
တံခါးခေါက်သံကြားလိုက်တယ်… ပစ္စည်းရွှေ့သံကြားလိုက်တယ်… သူ အလုပ်သမားတွေကို “သတိထား…” လို့ ပြောနေသံ ကြားလိုက်တယ်… ဒါပေမဲ့ ကျနော့ ရင်ခုန်သံကို ကျနော် မကြားရတော့ဘူး…

သူတံခါးခေါက်လိုက်တယ်… ကျနော်ကတော့မလှုပ်ဘူး…
“ငါသွားတော့မယ်… နင် ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်နော်… ” သူအခန်းထဲ မ၀င်လာဘူး… တံခါးကိုခြားပြီးပြောလိုက်တယ်…
တံခါးပိတ်သံကြားလိုက်ရတယ်…
ဘာအသံမှ ထပ်မကြားရတော့ဘူး…
ငါတို့ဘာဖြစ်လို့ ကွာရှင်းရတာလဲ… ငါတို့ဘာဖြစ်လို့ကွာရှင်းရတာလဲ…
“အချိန်ရရင် လာလည်ဦးနော်…” အိမ်နီးနားချင်းတွေရဲ့ နှုတ်ဆက်သံကြားလိုက်ရတယ်…
“မင်းယောက်ျားကော် ဟုတ်သေးလား?” စိတ်ထဲကနေ ကျနော့ကို အော်နေတယ်…
မင်းယောကျာ်းဆိုရင် အခုပြေးထွက်သွားလိုက်… တားလို့မီသေးတယ်…
ကျနော် ကုတင်ပေါ်က ခုန်ဆင်းပြီး ပြတင်းပေါက်ကနေ အောက်ကိုအော်ပြောလိုက်တယ်… “ခဏစောင့်… မသွားသေးနဲ့ဦး…”

ကျနော် လှေခါးအောက်ကိုပြေးဆင်းသွားတယ်… ကျနော်ဟာ ယောကျာ်းတစ်ယောက်…
သူကားဘေးမှာ ရပ်နေပြီး ကျနော့ကို ပြုံးပြလိုက်တယ်… “အောက်ဆင်းလာပြီးလိုက်နှုတ်ဆက်တဲ့အတွက် ကျေးဇူးတင်ပါတယ်… ” သူ့မျက်လုံးထောင့်မှာ မျက်ရည်စက်ရှိနေတယ်…
“မင်းထွက်သွားရင် ငါဘယ်လိုလုပ်ရမှာလဲ…” ကျနော်သူ့လက်မောင်းကိုဆွဲပြီးပြောလိုက်တယ်…
“ငါတို့ ကွာရှင်းပြီးသွားပြီလေ…”
“ငါအခု နင့်ကို မသွားစေချင်ဘူး… ငါ နင်မရှိလို့မဖြစ်ဘူး…” ကျနော် ကိုယ့်ဟာကိုယ်အော်နေမိတယ်… သူ့ကို တောင်းပန်နေမိတယ်…
“ကွာရှင်းဖို့ဆိုတာ ရှင်စပြောတာလေ…”
“ငါမှားမှန်းသိတယ်… တောင်းပန်ပါတယ်ကွာ… ငါ့ကိုခွင့်လွတ်ပါနော်…”
“ရှင်က ယောက်ျားလေ… ဒီလောက်လူအများကြီးရှေ့မှာ ငိုနေရလား…” သူ့လက်နဲ့ ကျနော့ မျက်ရည်တွေကို သုတ်ပေးနေတယ်… သူလက်တွေက အေးစက်လို့…
“မင်းသာ ပြန်လာမယ်ဆိုရင် ငါယောကျာ်းမလုပ်ဘူး…”

“ငါတို့ ရှေ့ရှေ့နောက်နောက် အတူတူနေလာခဲ့တာ စုစုပေါင်း ၆ နှစ်ရှိပြီ… လက်ထပ်ပြီးနောက်ပိုင်း နင်ငါ့ကို ဂရုမစိုက်တော့ဘူး… ငါဘာလိုချင်သလဲဆိုတာ နင်မသိဘူး… ငါဘာတွေ စဉ်းစားနေလဲဆိုတာ နင် မမေးဘူး… ငါနင့်ကို ပြောပြန်ရင်လဲ လျှာရှည်တယ် ဖြစ်ဦးမယ်… ဒါပေမဲ့ ရှင်သိလာ… ဒီ ၃ နှစ်လုံးလုံး ငါ အရမ်းပင်ပန်းခဲ့တယ်… ရှင့်ကို ချစ်တယ်… ဒီအချစ်ကို ထိန်းထားဖို့အတွက် ငါတော်တော်လေးကြိုးစားခဲ့တယ်…”

“တောင်းပန်ပါတယ်… ငါ့ကို အခွင့်အရေး နောက်တစ်ကြိမ်လောက်ပေးပါနော်… ငါ အခွင့်အရေးကောင်းတွေ အများကြီးဆုံးရှုံးခဲ့တယ်… ငါဆက်ပြီး မမှားချင်တော့ဘူး…နင်ကလဲ ငါ့ကို ချစ်နေသေးတာဘဲ… ငါ့ကိုချစ်ရင် ထွက်မသွားပါနဲ့နော်…” ကျနော်စိတ်ထဲမှာ အောင့်နေတယ်… ဘာဖြစ်လို့ ဒီလိုနောက်ဆုံးအချိန်မှ ဒီလိုစကားမျိုးပြောထွက်လာရတာလဲ…

“ငါတို့ က ကွာရှင်းပြီးသွားပြီဘဲ… ရှင်နောက်တစ်ခေါက်ကျမကို လက်ထပ်ခွင့်တောင်းရမှာပေါ့… ” သူ့မျက်နှာပေါ်မှာ အံ့သြစရာကောင်းတဲ့ အမူအရာလေးပေါ်နေတယ်…

“ကောင်းပြီ… လက်ထပ်ခွင့်တောင်းမယ်… ငါတောင်းပန်ပါတယ်… နင်ငါ့ကို နောက်တစ်ကြိမ် လက်ထပ်ခွင့်ပြုပါနော်… ” ကျနော် ဒူးတစ်ဖက်ထောက်ပြီး သူ့ကို ဒုတိယ အကြိမ် လက်ထပ်ခွင့်တောင်းခဲ့တယ်…

“လက်ထပ်ခွင့်တောင်းတာ နှင်းဆီပန်းရယ် လက်စွပ်ရယ်လိုတယ်… နင့်မှာ ရှိလို့လာ?”
နှင်းဆီ… လက်စွပ်… ဘုရား ဘုရား… အခုချိန် ဘယ်မှာ သွားရှာရမှာပါလိမ့်…

“ငါတို့ အိမ်က သမီးလေး မနေ့ကမှ နှင်းဆီပန်းတစ်စည်း ရထားတယ်ဟေ့… ကောင်လေး… နင် အမြန်လာယူ…” ဘေးအိမ်က ဦးလေးကြီးက ကျနော့ကို အော်ပြောနေတယ်… ကျနော်လဲ ဟို ကျောက်စိမ်းလက်စွပ်ကို သွားသတိရလိုက်တယ်…

အိမ်ပေါ်ပြေးတက်သွားပြီး ဘေးအိမ်ထဲကို ၀င်ပြီး ပန်းစည်းယူလိုက်တယ်… ကျနော့အိမ်ထဲကို ၀င်ပြီး ဟိုလက်စွပ်ကိုရှာတယ်… ဒါပေမဲ့ ဘယ်လိုရှာရှာ ရှာမတွေ့ဘူး…

ဘာဖြစ်လို့လဲ… ဘာဖြစ်လို့ ဒီလို အရေးကြုံလာမှ လာနောက်နေရတာလဲ… လက်စွပ်က ဘယ်ရောက်နေပါလိမ့်…

ကျနော် တစ်အိမ်လုံးကို မွေနောက်ရှာနေတုန်း သူ အခန်းထဲကိုရောက်လာတယ်… သူ့နောက်မှာက အိမ်နီးနားချင်း ပွဲကြည့်ပရိသတ်တွေ…

ကျနော်သူ့လက်ကိုဆွဲလိုက်ပြီး နှင်းဆီပန်းကို သူရင်ထဲ ထည့်လိုက်တယ်… “ငါလက်စွပ်ရှာမတွေ့သေးဘူး… ငါ့ကို အရင်လက်ထပ်ခွင့်ပြုလိုက်ပါနော်…”

သူ ရုတ်တရက် ပါးစပ်လေးဟ ပြီး ရယ်သံ တစ်ချက်ထွက်လာတယ်… ပြီးတော့ သူ့အိတ်ထဲက ဗူးလေးတစ်ခုယူထုတ်လာတယ်… ဖြည်းဖြည်းချင်းဖွင့်လိုက်တော့ တောက်ပနေတဲ့ အစိမ်းရောင် လက်စွပ်လေးက အထဲမှာကိုး…

“ဆောရီးပါ… ငါအပိုပစ္စည်းတစ်ခု ယူသွားမိပြီနဲ့တူတယ်…” သူ ကျနော့ရင်ခွင်ထဲကို ခိုဝင်ပြီးတော့ ရယ်မောလိုက်တယ်…။      ။

♥♥ чиϊии иџ ρчῳőʒ ♥♥ မတ်လ 8, 2013 6:47pmတွင်♥♥ чиϊии иџ ρчῳőʒ ♥♥ မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်။


{မပိုင်ဆိုင်လိုက်ရတဲ့အရာဟာ အမြဲကို လှပနေသလိုဘဲ…}

ဒါပေမဲ့…
ရရှိလိုက်ပြီဆိုရင်ကော ရောင့်ရဲတင်းတိမ်ကြပြီလား…
လက်ထဲက အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ…
မျက်စိရှေ့ကလူကို တန်ဖိုးထားတတ်ကြပါစေဗျာ… ။


ဆက်ဖတ်ရန် >>>

Sunday, 13 January 2013

ခရီးဖော်


ခရီးဖော်

 ၁။


ဦးဘကျောက်သည် ဖျာပေါ်တွင်မှိန်းနေသော ဇနီးသည် မအိမ်မြိုင်ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ အရေးအကြောင်းတို့ဖြင့် ယှက်နွယ်နေသော မျက်နာပြင်၊ တဆတ်ဆတ် တုန်ခါနေသောမျက်ခွံနှင့် အသက်ကို မျှင်း၍ရှူသွင်းနေသော မအိမ်မြိုင်၏ ပင်ပန်းခက်ခဲနေမှုတို့က ဦးဘကျောက်ရင်ကို ရိုက်ခတ်လာသည်။

သူတို့တဲကလေးဆီသို့ အမှောင်က တရိပ်ရိပ်ထိုးကျလာပြီ။ အိမ်နောက်ဘက်တမာပင်ထက်မှ တဖျောက်ဖျောက်ကြွေကျလာသော သစ်ရွက်သံကို ကြားနေရသည်။ ဆောင်းနှင်းရာသီမို့ လေပွေက တမာရွက်များကိုမွေ့ရမ်းနေပြန်သည်။ ရွာမြောက်ဘက် လက်ပံပင်အုပ်ဆီမှငှက်တစ်ကောင်၏ မည်သံ တစ်ချက်တည်း ထွက်ပေါ်လာ၏။

မအိမ်မြိုင်သည် ချောင်းတဟွပ်ဟွပ်ဆက်တိုက်ဆိုးနေရင်း ညာဘက်သို့ ခွေစောင်းလိုက်သည်။

“ မင်း မောနေသလား မအိမ်မြိုင် ”

မအိမ်မြိုင်က မျက်ခွံကို တစ်ချက်လှန်ကြည့်ပြီး ခေါင်းကို အသာညိတ်ပြသည်။ စကားသံတို့ ထွက်မလား။ ဦးဘကျောက်ရင်ထဲ မကောင်းလှသဖြင့် တဲအပြင်ထွက်ထိုင်နေလိုက်သည်။ နှစ်ပေါင်းများစွာ အတူပေါင်းသင်းနေထိုင်လာခဲ့သော ဇနီးသည်၏ နောက်ဆုံးအချိန်ဆိုတာကို သူကောင်းစွာ သဘောပေါက်နေသည်။သည်အချိန်မှာမအိမ်မြိုင်ခမျာ သမီးတွေ၊ မြေးတွေကို  တွေ့ချင်ရှာပေလိမ့်မည်။ အားလုံးကိုအကြောင်းကြားထားပြီးဖြစ်ပေမယ့်တစ်ဦးမှပေါ်မလာသေး။ ဦးဘကျောက်တစ်ဦးတည်းသာ နောက်ကြောင်းပုံရိပ်ကို ဆုပ်ဖမ်းရင်း ကြေကွဲနေမိသည်။

တစ်ရွာတည်းနေ တစ်ရေတည်းသောက်လာခဲ့သော ငယ်ပေါင်းကြီးဖော် မအိမ်မြိုင်၊ ဆံမြိတ်တွဲ ဆံထုံးလေးနှင့် နုပျိုလန်းဆန်းခဲ့သော မအိမ်မြိုင်၊ လင်ယောကျာ်းနှင့်အတူ ပဲရိတ်၊ ကိုင်းထွန် ရင်ပေါင်တန်း နိင်ခဲ့သော မအိမ်မြိုင်၊ မြေပဲခင်းရနံ့ကို ရှူရှိုက်ရင်း နှစ်ယောက်တစ်ဘဝ ယနေ့ထိ လက်တွဲမဖြုတ်ခဲ့သော မအိမ်မြိုင်၊ သူ့အတွက် အသက် ၆၀ ကျော်သည်အထိ စိတ်ဆင်းရဲ မလုပ်ခဲ့ရှာသည့် ရှားမှရှားသည့် မယားကောင်း မအိမ်မြိုင်၊ အခု သူနှင့်သူ့ဘဝကို ခွဲခွာလေတော့မည်လေ။
ဦးဘကျောက်၏ မျက်လုံးအိမ်မှ မျက်ရည်ပူစီးကြောင်းများ တွေတွေကျဆင်းလာသည်။

မျက်ရည်.. ဒီလိုမျက်ရည်မကျခဲ့တာ ကြာပါပြီ။ မအိမ်မြိုင်ခမျာ ငါသိခဲ့သမျှ ဆင်းရဲလိုက်တဲ့ဖြစ်ခြင်း၊ အသက်ထက် အိုစာလွန်းတဲ့ မအိမ်မြိုင်ရယ်၊ ဒီအချိန် ဒီအရွယ်မှာ မင်းအပေါ်မှာ ငါထားတဲ့ မေတ္တာတရားဟာ ရိုးသားသန့်စင်ပါတယ်။ ဒါပေမယ့် အဲဒီ မေတ္တာတရားလက်နက်ဟာ မင်းအသက်ကိုတော့ မကယ်နိင်တော့ပါဘူး။ မင်းကောင်းရာသုဂတိ လားပါစေ။

“ ကိုဘကျောက်  မအိမ်မြိုင် ဘယ်လိုနေသေးလဲ ”

အသံကြောင့် ဦးဘကျောက် မျက်ရည်များကို ကမန်းကတန်း သုတ်ပစ်လိုက်သည်။ ခေါင်းရင်းအိမ်မှ မအိမ်မြိုင့်သူငယ်ချင်း မကြည်တင်က ဦးဘကျောက်အနီး ဝင်ထိုင်ရင်း

“ မီးလေးထွန်းပါဦး ကိုဘကျောက်ရယ် ၊ မှောင်လာပြီ ”
“ မထွန်းချင်ဘူး မကြည်တင်၊ သူ အမှောင်ထဲမှာပဲ နေပါစေတော့ ”

အခြေအနေကို သဘောပေါက်သည့်အလား မကြည်တင်က လက်ထဲမှ ဆေးလိပ်တိုကို တွန်းဖွာသည်။

“ ကလေးတွေ မနက်ဖြန်တော့ ရောက်မယ် ထင်ပါရဲ့နော်။ သူ မသေခင်ရောက်လာရင် ကောင်းမှာပဲ။ အားရှိတာပေါ့တော် ”

မအိမ်မြိုင်အတွက် ဘာအားမှ မလိုတော့ပါ။ အားပေးစရာလည်း မလိုတော့ပါ။ လက်ခံယူနိင်ဖို့အားလည်း မရှိတော့ပါ။ တစ်သက်လုံး နေ့စဉ် အလုပ်နှင့်လက် ပြတ်သည်မရှိ အင်အားတွေ အသုံးပြုခဲ့ပြီပဲ။ သူနှင့်မအိမ်မြိုင် နှစ်ဦးသာ ကြိုးစား၍ လယ်ကွက်တွေ ဝယ်ခဲ့ကြသည်။ ထွန်ယက်စိုက်ပျိုးခဲ့ကြသည်။ သီးနှံတွေကို ရိတ်သိမ်းခဲ့ကြသည်။ ရှုံးခဲ့ မြတ်ခဲ့ကြသည်။ ရုန်းခဲ့ ကန်ခဲ့ကြသည်။ သည်အလုပ်တွေကို မနားမနေ လုပ်ကိုင်ခဲ့သော သူတို့သက်တမ်း နည်းရော့လား။ မအိမ်မြိုင်အားတွေ ကုန်ခမ်းလောက်ပါပြီ။



ဦးဘကျောက်က စကားမပြောဘဲ ငူငူကြီးထိုင်နေတော့ မကြည်တင်က တဲထဲဝင်သွားသည်။ မီးခွက် ထွန်းသည်။တဲအတွင်းအလင်းရောင်ကြောင့်ဦးဘကျောက်မျက်လုံးထဲတွင်အမှောင်အနည်းငယ် ဖျော့တော့သွားသည်။ သူ့ခေါင်းထဲတွင် မအိမ်မြိုင်သေဆုံးလျင် မည်သို့ဆက်လုပ်ရမည်တို့ကို တွေးကြည့်နေမိသည်။ တစ်မြို့ တစ်ရွာက သူ့သားနဲ့သမီးဟာ မအိမ်မြိုင် အလောင်းကို မီပါ့မလား။ မမီလည်း မစောင့်တော့ပါ။ ယနေ့ညသေလျှင် မနက်ဖြန် သင်္ဂြိုလ်မည်။ စောင့်စားခြင်းဖြင့် အချိန်များကုန်လွန်ခဲ့ပုံကို သူ တရေးရေး ပြန်မြင်လာသည်။

“ကိုဘကျောက် ၊ မအိမ်မြိုင် ဆုံးနေပြီ”

တဲအတွင်း  ဝုန်းခနဲ ပြေးဝင်ပြီး မအိမ်မြိုင်လက်ကလေးကို ဆုပ်ကိုင်လိုက်တော့ နွေးနေသေးသည်။

“ မကြည်တင် ရွာထဲကို သွားပြောပေးဗျာ ”

မကြည်တင်ထွက်သွားတော့ သူနှင့်မအိမ်မြိုင်တို့နှစ်ဦး တဲအတွင်း ကျန်ခဲ့သည် မဟုတ်ပါ။ ဦးဘကျောက် တစ်ဦးတည်းသာ ကျန်ခဲ့ခြင်းဖြစ်သည်။

၂။

“ ဟိုမှာ ငပေါ်တို့ မိသင်းတို့ လာကုန်ကြပြီ ”

ဦးဘကျောက်၏ မျက်လုံးအစုံက ရွာလယ်လမ်းမဘက်မှ တစ်ဆစ်ချိုး လမ်းသွယ်လေး ဆီသို့ ရောက်သွားသည်။ ကလေးတွေ၊ အထုပ်တွေ ဖိုသီဖတ်သီနှင့် အပြေးတစ်ပိုင်း လာနေကြသော သူ့သားနဲ့ သမီး။

“ အမယ်လေး.. အမေရဲ့၊ အီးဟီး...မိသင်းလာပြီလေ အမေရဲ့”
“ ကျုပ် ကြားကြားချင်း  လာတာပါဗျာ၊ ခုတော့ အသက်တောင် မမှီလိုက်ပါလား အမေရယ်”

ဦးဘကျောက်သည် နှစ်နှစ် နီးပါး မတွေ့ရသော သားနှင့်သမီးကို ငေးကြည့်ရင်း ရင်မှာနာလာသည်။ သူတို့ရင်အစုံကို ကန်ထွက်သွားသော၊  သူတို့လယ်ကွက်တွေ တစ်ကွက်ပြီး တစ်ကွက် ဖြုန်းတီးသွားသော ငပေါ်နဲ့မိသင်း။ ခုတော့ မအိမ်မြိုင်အလောင်းဘေးမှာ ငိုနေကြပြီ။ အော်ဟစ်ငိုယိုနေသော မိသင်းအသံကို နားကြားပြင်းကတ်လာသည်။ ယောကျာ်းတန်မဲ့ တွတ်တီးတွတ်တာ စကားဆိုနေသော ငပေါ့်ဟန်ကို ရွံလာသည်။ လက်ထဲမှ ပြောင်းဖူးဖက်လိပ်ကြီးကို တဲတိုင်နှင့် ထိုးချေမွလိုက်သည်။ ရင်ထဲမှာ ဒေါသခိုးတို့ ဆူဝေလာသည်။ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး တစ်စုံတစ်ရာ အော်ဟစ်လုဆဲဆဲ ရွာလူကြီး ဦးဘိုးထင် ရောက်လာသည်။ ဘဘိုးထင်နောက်မှ ရွာဆော် မောင်သောင်းက ဦးဘကျောက်ဘေးမှာ ဝင်ထိုင်ရင်း

“ ဘကြီးကျောက်၊ ဒီမှာ ရွာနာရေးအသင်းက ငွေတစ်ထောင်ပါ”

ငွေစက္ကူ ခပ်နွမ်းနွမ်းလေးများကို ထိုးပေးနေသော မောင်သောင်းမျက်နာမှာ ချွေးပွင့်များ၊ သည်တစ်မနက်ထဲနှင့်သူတို့ရွာမှနာရေးကူငွေတစ်ထောင်ရအောင် ကောက်ယူစုဆောင်းခဲ့ရသဖြင့် မောင်သောင်း ပင်ပန်းနေဟန်ရှိသည်။ ဦးဘကျောက်က ငွေတစ်ထောင်ကို လှမ်းယူလိုက်သည်။ ငိုနေကြသော ငပေါ်နှင့် မိသင်းလည်း ဦးဘကျောက်အနီး လာထိုင်သည်။

“ အဖေ၊ ကျုပ် အမေအတွက် ငွေနှစ်ရာ ကုသိုလ်ပါဝင်ပါတယ် ”

မောင်ပေါ်က ငွေနှစ်ရာ ထုတ်ပေးတော့ မိသင်းကလည်း ငွေနှစ်ရာပေးသည်။
ဦးဘကျောက် မပြုံးဘဲ ဝါးလုံးကွဲ ရယ်ချလိုက်သည်။ အသုဘလာမေးသူ အားလုံး လန့်ဖျပ်သွားသည်။ မောင်ပေါ်နှင့် မိသင်းတို့နှစ်ယောက် ကြောက်လန့်တကြား နောက်ဆုတ်သွားသည်။

“ ကြည့်စမ်း မအိမ်မြိုင် ၊ မင်း အသက်ရှင်နေတုန်းက မုန့်တထုပ်တောင် လှမ်းမကန်တော့တဲ့ သူတွေက မင်းအတွက်ကုသိုလ်ဝင်ချင်လို့တဲ့ဗျား။ နေပါ့စေ၊ နေပါ့စေ။ မင်းတို့ငွေတွေ ဘာလုပ်ဖို့လဲ။ ပြန်သိမ်းထားလိုက်ကြစမ်းပါ။ မင်းတို့လိုချင်တဲ့ ကုသိုလ်ဆိုတာ ဒီငွေတွေနဲ့ လဲလို့မရဘူးကွာ။ ဟေ့..ကုသိုလ်တကယ်လိုချင်ရင် မင်းတို့ မအိမ်မြိုင်နောက် လိုက်သွား”

ဘဘိုးထင်က မောင်ပေါ်တို့လက်ထဲမှ ငွေများကို လှမ်းယူလိုက်ပြီး

“ ကိုဘကျောက်၊ ကလေးတွေစိတ်မချမ်းသာအောင် ခင်ဗျား ဘာမှမလုပ်ပါနဲ့”

ဘဘိုးထင်က အသံခပ်မာမာဖြင့် ပြောလိုက်၍ ဦးဘကျောက်ရင်ထဲမှ ဒေါသများကို ပြန်မြိုသိပ်လိုက်သည်။ လက်ထဲတွင် ငွေစက္ကူများကို ဆုပ်ကိုင်ရင်း မအိမ်မြိုင်ဘက်သို့ စောင်းငဲ့ကြည့်လိုက်သည်။

“ မသေခင်ကသာ ခုလိုငွေတွေ ငါ့လက်ထဲရှိခဲ့ရင် မင်းရောဂါကို ဆေးကုပါရဲ့ မအိမ်မြိုင်ရယ် ”

တဲရှေ့တလင်းပြင်တွင် ဖျာခင်းထိုင်နေကြသော ရွာသူရွာသားများကတော့ ဦးဘကျောက်ရင်ထဲမှ စကားကို ကြားကြမည်မဟုတ်ပါ။ သို့သော် သိတော့သိမည်ထင်၏။ အသုဘချဖို့ပြင်တော့ ဦးဘကျောက် တဲအတွင်းသို့ လှစ်ခနဲပြေးဝင်သွားသည်။ ဘုရားစင်မှာ ချိတ်ထားသော စိပ်ပုတီးနှစ်ကုံးအနက်မှ တစ်ကုံးကို ဖြုတ်ယူလိုက်သည်။ သည်ပုတီးနှစ်ကုံးကို ရွာဦးစေတီ ဘုရားပွဲဖြစ်စဉ်က သူတို့ဝယ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့က မအိမ်မြိုင့်စကားကို ဦးဘကျောက် မမေ့နိင်ပါ။

“ကိုကျောက်၊ တော်နဲ့ကျုပ် ဒီနေ့ကစပြီး ဟောဒီစိပ်ပုတီးနှစ်ကုံးကိုပဲ အဖော်ပြုကြစို့ရဲ့”

မအိမ်မြိုင်၊ စိပ်ပုတီးတစ်ကုံးကို မင်းပဲယူသွားပါတော့။
ဦးဘကျောက်က စိပ်ပုတီးလေးကို မအိမ်မြိုင် အခေါင်းတွင်း ထည့်ပေးလိုက်သည်။

၃။

ရွာ၏ထုံးစံအတိုင်း ရက်မလည်ခင်အတွင်း မအိမ်မြိုင်တစ္ဆေကြောက်နေကြသည်။ အသုဘအိမ်မှ ဖဲရိုက်သံများကလွဲ၍ တစ်ရွာလုံး တံခါးပိတ်၊ မီးမှိတ်အိပ်ကုန်ကြပြီ။ မအိပ်သေးသော အိမ်တစ်အိမ်မှာ ရွာတောင်ပိုင်းက ကိုငွေသီး၏ အရက်ဆိုင် ဖြစ်သည်။
အရက်ဝိုင်းနှင့်ဝေးနေခဲ့သည်မှာကြာပြီဖြစ်သောဦးဘကျောက်တစ်ယောက်အရက်တစ်လုံးကို မော့သောက်နေဆဲ။

“ ဘကြီးကျောက် တော်ပါတော့ဗျာ။ များနေပြီ။ လာပါ ကျုပ်တို့ပြန်လိုက်ပို့မယ် ”
“ ဟေ့..ဖိုးထောင်၊ မင်းတို့က ငါ အရက်ဖိုး မတတ်နိင်ဘူး ထင်လို့လား။ မနေ့တုန်းက ငမွဲဘကျောက် မဟုတ်တော့ဘူးကွ။ ဒီမှာကြည့်စမ်း၊ ငွေတွေ ”

ဦးဘကျောက်က ခါးပုံအတွင်းမှ ငွေများကို ဆုပ်ကာ ဖြန့်ကြဲပြလိုက်သည်။

“ ဒါတွေဟာ မအိမ်မြိုင်က ငါ့ကို ပေးသွားတာကွ။ သူတစ်သက်လုံး အဆင်းရဲခံ၊ အပင်ပန်းခံခဲ့ပေမယ့် ဒီလောက်ငွေတွေ မရှိခဲ့ရဖူးဘူး။ ခုတော့ လူတွေက မအိမ်မြိုင်အတွက် ကုသိုလ်ဝင်တာတဲ့၊ ငွေတွေလာပေးကြတယ်။ ဒါ လူတွေနားမလည်ကြလို့။ ဒီငွေတွေ မအိမ်မြိုင် တစ်ပြားမှမသုံးရဘူး။
အမှန်က ငါ့အတွက်၊ ဟောဒီ ငကျောက်အတွက် ”

ဦးဘကျောက်ကို ဖေးမရင်း ဖိုးထောင်တို့လူသိုက် ပြန့်ကျဲနေသော ငွေများကို ဦးဘကျောက် အိတ်ထောင်ထဲ ထိုးထည့်ကြသည်။ ဦးဘကျောက်က အိတ်ထောင်ကို လက်ဖြင့်ဖိရင်း

“ ဟေ့...မထည့်နဲ့ မထည့်နဲ့၊ ငါ့အတွက် ငွေမလိုဘူး။ ငါ့တစ်သက်လုံး ငွေမရှိဘဲ နေလာခဲ့တာ ဘာမှမဖြစ်ဘူး။ ငွေဟာ ဘာမှမဟုတ်ဘူး။ ငကျောက်အတွက် လိုနေတာ သတ္တိပဲဟေ့”

ဦးဘကျောက်သည် မတ်တပ်ရပ်ပြီး ပုဆိုးပြင်ဝတ်သည်။ ဖိုးထောင်တို့က ဘေးမှ ဝင်တွဲသည်။

“ မတွဲနဲ့၊ ငါ့ကို ဘယ်သူမှ မကိုင်နဲ့။ ငါပြန်နိင်တယ်။ သွားကြ ”

အော်ရင်းဟစ်ရင်း ရုန်းရင်းကန်ရင်းဖြင့် ဦးဘကျောက် အိမ်သို့ခြေလှမ်း သိုင်းကွက်နင်း၍ ပြန်ခဲ့သည်။ ည၏ အရောင်အောက်တွင် ရွာလမ်းတွေက မှောင်မည်းနေသည်။ အနှစ် ၆၀ ကျော် ခေါက်တုန့်ခေါက်ပြန် ဖြတ်သန်းခဲ့ရသော ရွာလမ်းတွေကို သူမမှားနိင်ပါ။

၎။

ညလေအေးတို့က ဦးဘကျောက်ခေါင်းမှ ဆံပင်ဖြူများကို ဖွကြဲပစ်လိုက်သည်။ ရွာလယ်ညောင်ပင်ကြီးမှ သစ်ရွက်လေတိုးသံတို့ တရှဲရှဲမြည်နေသည်။ အမြင်ဝေဝါးနေသော်လည်း ညောင်ပင်ကြီးဆီသို့ ဦးဘကျောက် ရောက်လာခဲ့သည်။ ညောင်ရွက် အုံ့ဆိုင်းဆိုင်းအောက် တည့်တည့်ရောက်တော့ အမှောင်သည် ပို၍ နက်ရှိုင်း သွားသည်။ ညောင်မြစ်ကို ခလုတ်တိုက်စဉ် ကိုယ်ကို မဟန်နိင်ဘဲ လဲကျသွားသည်။ ကြိုးစား၍ ကုန်းအထမှာတော့ သူ့ရှေ့မှာ  'မအိမ်မြိုင်'

ဦးဘကျောက် မျက်နာကို တဖြည်းဖြည်းမော့ကြည့်သည်။ အရိပ်အယောင်များ ထင်မြင်လာသည်။

“ တစ်ရွာလုံး မင်းကိုကြောက်လို့ ပုန်းအိပ်နေကြပေမဲ့ ငါမကြောက်ဘူး မအိမ်မြိုင်၊ ငါ့ကို လာစကားပြောစမ်း”

ဦးဘကျောက်က ညောင်မြစ်ကြီးကို လက်ဖြင့်ဆွဲကုတ်ကာ အားယူထသည်။
စူးရှသော အလင်းတန်းတစ်ခုက သူ့မျက်နာပေါ်သို့ ဖြာကျလာသည်။

“ အဖေ ”

မောင်ပေါ်အသံဖြစ်သည်။ မအိမ်မြိုင်မဟုတ်မှန်းတော့ ဦးဘကျောက် သိလိုက်သည်။ ထို့နောက် ဘာမျှမသိတော့ပါ။

မနက်လင်းတော့ ဦးဘကျောက် ခေါင်းတွေ အုံခဲနေသည်။ မျက်စိကို ဖွင့်လိုက်တော့ အလင်းရောင်ကြောင့် ကျိန်းစပ်သွားသည်။ လက်နှစ်ဖက်ဖြင့် မျက်နာအုပ်ကာ ခေတ္တငြိမ်နေလိုက်သည်။ ရင်ထဲမှာ ဟာတာတာဖြင့် မောချင်သလိုလို ဖြစ်နေမိသည်။ နှစ်ပေါင်းများစွာ အလုပ်ကြမ်းလုပ်ခဲ့သော လယ်ထွန်ယောကျာ်း ဦးဘကျောက်၏ သံတုံးသံခဲလို မာကျောသော ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေနေသည်။

“ မိသင်း... နင်တို့ သိပ်အဆင်မပြေဘူးဆို ငါကြားပါတယ်။ အခုနင့်ယောကျာ်း ဘာလုပ်နေလဲ”
“ ဒီလိုပါပဲ အစ်ကိုရယ်၊ သစ်စက်ထဲ အလုပ်ဆင်းလိုက် ကုန်ထမ်းလိုက်နဲ့ ရရစားစားပါပဲ”

ဦးဘကျောက်နားထဲသို့ တိုးဝင်လာသော မောင်ပေါ်နှင့် မိသင်းတို့ အသံ။

“ငါတို့လည်းသိပ်မချောင်လည်ပါဘူးဟာ။ အခု ငါ့သမီးအကြီးလေးဆိုဘူတာထဲ ဈေးရောင်းလွှတ်ထားရတယ်။ ကလေးတွေအမေက မနှစ်က ဆေးရုံတင်လိုက်ရတော့ အကြွေးတွေ တင်နေတာ ”

ဦးဘကျောက် ရင်တွေခုန်လာသည်။ သူ့သားနဲ့သမီး မြို့မှာ ဘယ်လိုရုန်းကန်နေရသလဲ သူတစ်ခါမှ မမေးမြန်း မစုံစမ်းခဲ့ပါ။ အဖေ အမေကို ပစ်ထားရက်သော၊ မိဘပစ္စည်းကို လက်ဖြန့်တောင်းရက်သော သူတို့နှစ်ယောက်ကို စိတ်မှာအနာကြီး နာနေခဲ့မိသည်။ မိဘထံမလာသော သားသမီးများဆီသို့ မသွားရန် မအိမ်မြိုင်ကို သူ ပိတ်ပင်ခဲ့သည်။ သို့သော် မေတ္တာတရားက ပိတ်ပင်၍မရပါ။ နေ့စဉ်နှင့်အမျှ မျက်ရည် တစမ်းစမ်းဖြင့် မအိမ်မြိုင် သားသမီးတွေကို မျှော်နေခဲ့ရှာသည်။

ဦးဘကျောက်မျက်စိထဲတွင် ငယ်စဉ်က သူတို့မိသားစုလေး၏ ပုံရိပ်များကို ပြန်မြင်မိသည်။ မိသင်းကို ပခုံးမှာထမ်း၊ မောင်ပေါ်ကို လက်မှဆွဲကာ ပွဲကြည့်သွားခဲ့ကြပုံတွေ၊ သူတို့ထွန်တဲ့ယက်တဲ့အနီးမှာ ဆော့ကစားခဲ့ကြသော သားလေးနဲ့သမီးလေးကိုကြည့်ရင်း ပီတိဖြစ်ခဲ့ရပုံတွေ၊ အရွယ်ရောက်၍ တစ်အိုးတစ်အိမ် ထူထောင်ကြပြန်တော့ လယ်တစ်ကွက်စီ အမွေပေးခဲ့ရပုံတွေ၊ မိုးတော်ရေတော် မမှန်တာကြောင့် သီးနှံထွက်ဖျင်းခဲ့ပုံတွေ၊ လယ်တွေရောင်းပြီး သူတို့မောင်နှမ မြို့တက်သွားကြပုံတွေ၊ မြို့မှာအဆင်မပြေတိုင်း မိဘဆီပြန်ပြေးလာကာ လက်ဖြန့်တောင်းခဲ့ကြပုံတွေ၊

ခုတော့အားလုံးပြီးဆုံးသွားပြီ။ တကယ်ပင် ဘာမှပြန်တွေးစရာမရှိတော့။
ဦးဘကျောက် ခေါင်းထဲ မူးဝေနောက်ကျိလာပြန်သည်။ ရင်ထဲမှာ တလှပ်လှပ်နှင့် လစ်ဟာနေလေသည်။ သူ့မှာဘာမျှ မခံစားနိင်တော့။ မခံစားချင်တော့။

“ အဖေ နိုးပြီလား။ ထနိင်လား၊ ကျွန်တော်ထူပေးမယ် ”

မောင်ပေါ်က ဦးဘကျောက်ကို ပွေ့ထူသည်။ မိသင်းက ခြေရင်းမှာထိုင်ရင်း သူ့မျက်နာကို မရဲတရဲ လှမ်းကြည့်ရှာသည်။ နွမ်းပါးညှိုးငယ်နေသော သားနှင့်သမီးအပေါ် ဘာအာဃာတမှ မထားရက်တော့ပါ။ သူတို့မှာ အပြစ်မရှိပါဘူး။ ဦးဘကျောက် အသက်ကိုအောင့်ပြီးမှ လေတွေ တစ်ဝကြီး ရှူသွင်းလိုက်သည်။

“ အဖေ နေကောင်းပါတယ်ကွာ ”
“ အဖေ ထမင်းစားမှာလား။ ကျုပ်ခူးလိုက်မယ်နော် ”

အမှန်တကယ်တော့ ဦးဘကျောက် ရေပင်သောက်ချင်စိတ်မရှိပါ။ ရင်ထဲမှာ ကြည်နူးမှုလေးတွေ ဖြန့်စီးလာသည်။ သူ့မှာ သားနဲ့ သမီး ရှိနေတာပဲလေ။ အားတက်သရော ဦးဘကျောက် ခေါင်းကို ညိတ်ပြလိုက်တော့သည်။

၅။

ရက်လည်ပြီးနောက်တစ်နေ့တွင် မောင်ပေါ်တို့ ပြန်ဖို့ ပြင်ကြသည်။ သူ့ကိုထိုင်ကန်တော့နေကြသော သားနှင့်သမီး မြေးလေးတွေကို ကြည့်ရင်း ဦးဘကျောက် စိတ်မကောင်းဖြစ်ရသည်။

“ သာဓုကွယ်၊ သာဓု၊ သာဓု။ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ။ ဘေးဥပါဒ် အန္တရာယ် ကင်းရှင်းကြပါစေ။ ဥမကွဲ သိုက်မပျက် အသက်ထက်ဆုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေကွယ် ”

မိသင်းက သူ့ခြေသလုံးကို ဖက်၍ ငိုသည်။ မောင်ပေါ်က

“ အဖေ့ကို ကျွန်တော်တို့ ပစ်မထားပါဘူး။ ဟိုမှာ ကျွန်တော်အဆင်ပြေတဲ့တစ်နေ့ လာခေါ်ပါ့မယ် အဖေ”

ဦးဘကျောက်ရင်ထဲမှာ ကျင်ခနဲ နာသွားသည်။ အသည်းများ တဆတ်ဆတ်တုန်ခါနေသည်။

“ အေးကွယ်၊ အဖေမျှော်နေပါ့မယ် ”

ဦးဘကျောက်နှုတ်မှ မျှော်နေမယ်ဟု ပြောလိုက်သော်လည်း သူဘယ်တော့မှ လိုက်မည်မဟုတ်ပါ။ မအိမ်မြိုင်ကဲ့သို့ပင် သူ ရဲရင့်စွာ ရွာမှာပဲ သေမည်။

“ မင်းတို့ကို ပေးလိုက်စရာ အဖေ့မှာ ဘာမှတော့ မရှိပါဘူ။ မိသင်း ၊ နင့်အမေ အဝတ်အစားတွေ အကုန်ယူထည့်သွား။ မောင်ပေါ် ၊ ရော့... ဒါအဖေငယ်ငယ်တုန်းက ဘုန်းတော်ကြီးပေးခဲ့တဲ့ ဓါတ်လုံးလက်စွပ်။ ဒါတွေဟာ အဖေတို့ရဲ့ နောက်ဆုံးအမွေပါပဲ”

မောင်ပေါ်တို့ ရွာအထွက်ထိ သူလိုက်ပို့သည်။ ဧည့်သည်တွေ လာပြီး ပြန်ကြသည်။ တဲကိုပြန်ရောက်တော့ ဦးဘကျောက် တစ်ယောက်တည်း ထီးတည်းပင်။ မောသလိုလိုရှိလာသည်မို့ ရေအိုးစင်သို့ လျှောက်သွားလိုက်သည်။ သောက်ရေစင်ပေါ်မှာ ကန့်လန့်ဖြတ်တင်ထားသော အုန်းမှုတ်ခွက် အရိုးလေးကို လှမ်းကိုင်လိုက်စဉ်မှာ ဖျတ်ခနဲ မအိမ်မြိုင်ကို သတိရလိုက်မိသည်။

“ကိုကျောက်၊ ကျုပ် ဖလားတွေနဲ့ ရေမသောက်တတ်ဘူး။ အုန်းမှုတ်ခွက်လေးကို အရိုးတပ်ပေးတော့်။ အုန်းမှုတ်ခွက်နဲ့ သောက်လိုက်မှ ရေဝတယ်ထင်တာတော့်”

ရေမသောက်တော့ဘဲ အုန်းမှုတ်ခွက်လက်ကိုင်ရိုးလေးကို ပြန်လွှတ်လိုက်သည်။
မွန်းကျပ်သလိုလို ရှိပြန်သည်မို့ တစ်ဖက်သို့ လှည့်လိုက်တော့ တဲထောင့်မှ သစ်စေးသုတ် ခံတောင်းလေးကို မြင်လိုက်ရသည်။ သူ့အတွက် ပြောင်းဖူးဖက်လိပ်ကို မနားတမ်းလိပ်ပေးခဲ့သော မအိမ်မြိုင်ရဲ့ ဆေးတောင်းလေး။

နေရာအနှံ့အပြားတွင် ကွက်လပ်များ ဖြစ်နေသည်။ ထိုကွက်လပ်များထဲတွင် မအိမ်မြိုင်၊ မောင်ပေါ်၊ မိသင်းတို့၏ ပုံရိပ်ယောင်များ ရှိသည်။

“ သြော်... မအိမ်မြိုင်ရယ် ၊ မင်း အရင်သေသွားတာ ကံကောင်းလိုက်တာ ”

ဦးဘကျောက်သည် မတည်ငြိမ်သော သူ့စိတ်နှလုံးသားကို တည့်မတ်ဖို့ ကြိုးစားနေမိသည်။
ဘုရားစင်မှာ ချိတ်ဆွဲထားသော စိတ်ပုတီးလေးကတော့ တစ်ကုံးတည်း ငြိမ်သက်လျက်....။

ခင်ခင်ထူး

 ။......................................................................................။

စာရေးဆရာမ ခင်ခင်ထူး ရဲ့ ဝတ္ထုတိုကို ပြန်ရိုက်ပြီးတင်ပေးခြင်း ဖြစ်ပါတယ်။
ဆက်ဖတ်ရန် >>>

Friday, 11 January 2013

တရားမရှိသူက ယူရတာကို ပျော်တယ်။ တရားရှိသူက လှူရတာကို ပျော်တယ်။


 အတိတ်ကံဆိုတာ


အတိတ်ကံဆိုတာ ဖျက်လို့လည်းရတယ်၊ ဆက်လို့လည်းရတယ်၊ ဖျက်လို့မရရင် ရဟန္တာတို့ နိဗ္ဗာန်တို့မရှိနိုင်တော့ဘူး၊ 
ဗောဓိပက္ခိယတရား(၃၇)မျိုးမှာ ၀ိရိယပြဋ္ဌာန်းတဲ့ သမ္မပ္ပဓာန်(၄)မျိုးဆိုတာပါတယ်။ ဒီ(၄)မျိုးကို ဗမာလိုပြောပြမယ်။

၁။ ဖြစ်ပြီးခဲ့တဲ့ အကုသိုလ် မကောင်းမှုကံတွေကို ပပျောက်သွားအောင် အားထုတ်ရမယ်။ 
၂။ မဖြစ်သေးတဲ့ အကုသိုလ်ကောင်းမှုကံတွေကို မဖြစ်အောင် အားထုတ်ရမယ်။ 
၃။ မဖြစ်သေးတဲ့ ကုသိုလ်ကောင်းမှုကံတွေကို ဖြစ်အောင် အားထုတ်ရမယ်။
၎။ ဖြစ်ပြီးခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို အတိုင်းထက်အလွန် ပွားများအောင် အားထုတ်ရမယ်။


 အတိတ်ကိုလဲမပြန်နဲ့၊ အနာဂတ်လဲ မကြံနဲ့၊ ပစ္စုပ္ပန် တည့်တည့်ထား။
အတိတ်ပြန်တော့ ဒေါသဖြစ်တယ်၊ အနာဂတ်ကြံတော့ လောဘဖြစ်တယ်။

ဒါ့ကြောင့် ပစ္စုပ္ပန်ကာလသည်သာ အရေးကြီးတာ။ ၀ိပဿနာ လုပ်တဲ့ အခါမှာလဲ ပစ္စုပ္ပန်ရောက်တဲ့အချိန်သာ ရောင့်ရဲတင်းတိမ်မယ်ဆိုရင် အမှန်ချမ်းသာတယ်။(စွန်းလွန်းဆောင်ပုဒ်)

 
ဆက်ဖတ်ရန် >>>

Wednesday, 9 January 2013

ဒေါသ နှင့် မေတ္တာ


ဒေါသတိုင်းမှရသော ရလဒ်သည်........ဘာကောင်းကျိုးမှ မပေး။ ဆုံးရှုံးမှုနှင့် အဆုံးသပ်သည်။
ဒေါသကိုပိုင်ထားသူတိုင်း အပူသောကနှင့် စိတ်ဆင်းရဲနေပေလိမ့်မည်။

မေတ္တာတိုင်းမှရသော ရလဒ်သည်........အမြဲကောင်းကျိုးပေး၏။ အောင်မြင်မှုနှင့် အဆုံးသပ်သည်။
မေတ္တာကိုပေးတတ်သောသူနှင့် လက်ခံတတ်သောသူ နှစ်ဦးစလုံး စိတ်ချမ်းမြေ့ အေးချမ်းမှု့ ကို ရရှိကြ၏။


ဥစ္စာဓန ပေါများ၍ စည်းပွားလာဘ်လာဘ တက်ဖို့ဆိုလျှင်…


၁။ဥဌာနသမ္ပဒါ – ထကြွလုံ့လဝီရိယရှိစွာဖြင့် စီးပွားဥစ္စာကို ရှာဖွေရမည်။
၂။အာရက္ခသမ္ပဒါ – ရလာသော ဥစ္စာကို ယိုပေါက်မရှိအောင် စောင့်ရှောက်ရမည်။
၃။သမဇီဝိတသမ္ပဒါ – ၀င်ငွေနှင့် ထွက်ငွေကို မျှတအောင် သုံးစွဲရမည်။
၎။ကလျာဏမိတ္တသမ္ပဒါ – မိမိကို ကူညီနိုင်သော မိမိအမှားကို လမ်းတည့်ပေးနိုင်သော မိတ်ဆွေကောင်း ရှိရမည်။

ဤကား ဗုဒ္ဓဟောကြားသော ကြီးပွါးချမ်းသာရစေကြောင်းလေးပါး ဂါထာတော်ကြီးတည်း။
ဆက်ဖတ်ရန် >>>