ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။
Tuesday 28 February 2012
‘သောက’ ဘာကြောင့်ရသလဲ
ကျုပ်တို့ ကြီးတော်ကြီး ရိပ်သာဝင်တော့မယ်ဆိုတော့ တစ်မျိုးလုံးအံ့အားတွေသင့်လို့ ပေါ့။ နှစ်ရက်၊ သုံးရက် ဘုရားဖူးဖို့ ခေါ်။ ဘယ်သူခေါ်ခေါ် ဟင့်အင်းပဲ။ ဟင့်အင်းမှာပေါ့။တစ်နေ့ တစ်နေ့  အလုပ်မရှိအကိုင် မရှိ အိမ်ထဲမှာ ချက်ပြုတ်စားလိုက်၊ အိပ်လိုက်နေလာရာကနေ ဘကြီးလည်းပင်စင်ယူလိုက်ရော အိမ်ဦးနတ် ကြီးရာထူးကို ဝစ်သောက်ပါမစ်နဲ့ ရလိုက်တယ်လေ။
အဲဒီလို ငါ..ငါ..ငါ..ငါကြီးက အကြီးကြီးပဲ၊ ငါ့ဖိန့် ဖိန့် ကြီးက အယ်နေ တာပဲ ဆိုပြီး ဘကြီးကအစ ဒရိုင်ဘာ၊  အိမ်ဖေါ်အဆုံး တစ်အိမ်သားလုံးအပေါ် မိန့် မိန့် ကြီး ဗိုလ်လုပ်နေရတာကိုး။ လင်နဲ့ သားသမီးတွေကို မခွဲနိုင် တာတော့ မဟုတ်ဘူး။ အဲဒီလို အိမ်နဲ့ လုံးလုံးမခွဲနိုင်တဲ့ကြီးတော်၊ ဆယ်ရက်တရားစခန်းဝင်မယ်ဆိုတော့ ပတ်ဝန်းကျင်ကရော အမျိုးတွေကပါ အံ့အားသင့်ကြတာ ဆန်းတော့မဆန်းပါဘူး။ တချို့ ကလည်း အခုတလော ယောက်ျားလုပ်သူနဲ့  တကျက်ကျက်ရန်ဖြစ်လို့ ဝင်တာဆိုပြီး မှတ်ချက်ချတယ်။
ခိုင်လုံတဲ့သတင်းရပ်ကွက်က တိုးတိုးတိတ်တိတ်ကြားရတာကတော့ သူ့ သမီးအကြီးမကြောင့်တဲ့။
ဖြစ်ပုံက ဒီလို...စင်္ကာပူရောက်နေတဲ့ သမီးအကြီးမက မိဘတွေမသေခင် ခြေဆုပ်လက်နယ်ပြုစုချင်လို့ ဆိုပြီး ပြန်လာ တယ်။ ပြန်ရောက်ပြီး တစ်ပတ်လောက်လည်းကြာရော  သူ့ သမီးပါလာတဲ့ အလှပြင်  ပစ္စည်းတွေ ကုန်သလောက်နီးပါးဖြစ်သွားရော။ ဇါတ်လမ်းကဒီမှာစတာပဲ။
တမနက် ဟင်းရံဝယ်ဖို့  ဈေးသွားခါနီး ကြီးတော်ကြီးအလှပြင်နေလေရဲ့ ။ သမီးအကြီးမက သူသုံးလလောက် သုံးရတဲ့ အလှပြင်ပစ္စည်းတွေကို တစ်ပတ်ထဲနဲ့ ကုန်အောင်သုံးပစ်လို့ ကြီးတော်ကြီးကိုလည်းမပြောရဲတော့ ပွစိပွစိနဲ့  ငိုမဲ့မဲ့ဖြစ်နေတာကိုလည်း မမြင်ဘူး။
ဒီလိုနဲ့  ရပ်ကွက်ဈေးလေးထဲက ကြက်သားဆိုင်ရှေ့ ရောက်တော့ ကြက်သားသည်အမျိုးသမီးက နှုတ်ဆက် တယ်။
‘‘ အမကြီး ကြက်သားတွေကလတ်တယ်နော်။ ချိန်လိုက်ရမလားဟင်...။      သြော်..ဒါ  သမီးလား ’’
‘‘ အေးကွဲ့ ၊ စင်္ကာပူက အကြီးမလေ’’
‘‘ သားအမိသာဆိုတယ် ညီအမလား ထင်ရတယ်နော်’’
ဘာပြောကောင်းမလဲ။ တစ်ချိန်လုံးအောင့်အီးနေလာခဲ့ရတဲ့ သမီးအကြီးမလည်း ကြက်သားသည်အဒေါ်ကြီးပေါ်   ဒေါသအိုးကြီးပေါက်ကွဲ တော့တာပဲ။
‘‘ ဒေါ်ဒေါ်က သမီးကို သေခါနီးကြီးလို့ ပြောလိုက်တာပေါ့လေ’’ တဲ့။
သြော်.....ပြောဖို့ မေ့နေလို့ ။ ဒီသမီးအမိုက်မက အသက်လေးဆယ်ကျော်ပြီဗျ။ ဟီး..ဟီး ။
ကျုပ်တို့ ကြီးတော်ကြီး အသက် ကိုယ့်ဘာသာပဲတွက်ကြည့်တော့။
အားလုံးသိတဲ့ အတိုင်းပဲ။ မိန်းမဆိုတာ အရွယ်သုံးပါးရှိတယ် မဟုတ်လား။
ပထမအရွယ် မိဘကို ဒုက္ခပေးတဲ့ အရွယ်။
ဒုတိယအရွယ် ခင်ပွန်းကို ဒုက္ခပေးတဲ့ အရွယ်။
တတိယအရွယ် သမက်နဲ့ ချွေးမတွေကို ဒုက္ခပေးတဲ့ အရွယ်။
ဟုတ်ကဲ့။ ကိုလူအေးတို့ ကြီးတော်ကြီးက တတိယအရွယ်ပေါ့။
 ဒါပေမယ့် ကျုပ်တို့ ကြီးတော်ကြီး အိုင်ကျူ မြင့်ချက်ကတော့ ပ၊ ဒု၊ တအရွယ်သုံးခုစလုံးကို ပူးတွဲ တာဝန်ယူထားတာဗျ။
လူ၊ သတ္တဝါတွေမှာ ရှောင်လွှဲလို့ မရတဲ့ ဇာတိ၊ ဇရာ၊ ပြီးတော့ ဘဝကူးတယ်မဟုတ်လား။ ဒါပေမယ့် ကျုပ်တို့ ကြီးတော်ကြီးက သဘောထားကြီးတော့ အဲဒီ သင်္ခါရအခွင့်အရေးတွေကို မယူချင်ရှာဘူး။ တကယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သြော်....ကိလေသာတွေ ကိလေသာတွေ၊ တဏှာဆိုတာတော်တော်ကြောက်ဖို့  ကောင်းပါလား။ ဒီတဏှာ ကြောင့်ပဲ လူတွေဒုက္ခရောက်ကြရတယ်။
စိတ်ကို ညစ်နွမ်းစေတဲ့သဘော၊ စိတ်ကို ပူလောင်စေတဲ့သဘော၊ စိတ်ကို ပင်ပန်းဆင်းရဲစေတဲ့သဘောကို ကိလေသာလို့ ခေါ်ပါတယ်။အလွယ်ပြောရရင်တော့ အောက်တန်းကျတဲ့စိတ်ဟာ ကိလေသာပါပဲ။
ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်။
မဟုတ်ဘူး မဟုတ်ဘူး။ ဂုဏ်ဆိုတာ တင့်တယ်လျှောက်ပတ် ကောင်းမြတ်တဲ့ သဘောကိုပြောတာ။
ကျနော်တို့ တစ်တွေဟာ  လောဘ၊ ဒေါသ၊ မောဟတွေ တစ်ထွေးကြီးနဲ့ မွေးလာကြသူတွေချည်းပါပဲ။ ငယ်ရွယ်စဉ်ကလေးဘဝ လက်တစ်ဖက်က မုန့် တစ်ခုကိုင်စားနေတုန်း လက်တစ်ဖက်က နောက်မုန့် တစ်ခုကို ယူဖို့ ကြိုးစားတော့အုပ်ထိန်းသူ လူကြီးမိဘတွေက နှုတ်ဖြင့်ဖြစ်စေ၊ တုတ်ဖြင့်ဖြစ်စေ သူ့ ရဲ့ လော်လီတဲ့စိတ်တွေ ပျောက်အောင် ဆိုဆုံးမရင်း အရွယ်တွေရောက်လာကြပါပြီ။
တကယ်တော့......... အသက်အရွယ်ကြီးရင့်ခြင်းနဲ့ အသိဥာဏ် ပြည့်ဝခြင်းတို့ ကတော့ အချိုးကျမျဉ်းညီ မဟုတ်ပါဘူး။
အဲဒီမှာ အသက်အရွယ်ထက် နိမ့်ကျတဲ့ အသိဥာဏ်ရှိသူ။
          အသက်အရွယ်ထက် မြင့်မားတဲ့ အသိဥာဏ်ရှိသူ။
          အသက်အရွယ်နဲ့  တန်းတူ အသိဥာဏ်ရှိသူ။ ဆိုပြီး အရွယ်ရောက်လာကြရတာပါ။
အိမ်တစ်အိမ်၊ အိမ်ထောင်စုတစ်ခုမှာ ဆိုပါစို့ ။ အသက်အရွယ်ထက် နိမ့်ကျတဲ့ အသိဥာဏ်ရှိသူ သမီး တစ် ယောက်ရှိတယ်။ အဝတ်အစားတွေ တစ်ပုံကြီးရှိနေပါရက်နဲ့  အသစ်ပေါ်တိုင်း ဝယ်ချင်နေရင် အဝတ်အစား လော်လီနေတယ်လို့ ဆိုနိုင်တယ် မဟုတ်လား။ ဒါဟာ ဖြုန်းတီးမှုသက်သက်ပါပဲ။
သူများသုံးတာတွေ့ တိုင်း၊ ကြော်ငြာတွေကောင်းတိုင်း၊ ပစ္စည်းတွေလှတိုင်း အပိုတွေကို တရစပ်ဝယ်ဖို့  ကြိုးစား နေမယ်ဆိုရင်တော့ ပိုက်ဆံက ရှာလို့ လောက်မှာမဟုတ်။မလောက်နိုင်တော့ မဟုတ်တမ်းတရားနည်းနဲ့  ရှာလာ မိကြရပါလိမ့်မယ်။
ဒီလိုဖြစ်လာရင်အဝတ်အစားကတော့ တောက်ပြောင်ပါ၏။ အတွင်းစရိုက်ကတော့ မှောင်မည်းမွဲတေနေလေပြီ။ မိတ်ကပ်ပေါင်ဒါက မွှေးပါ၏။ အတွင်းစရိုက်က ပုပ်အဲ့ နေလေပြီပေါ့။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဘိုက်ဆာရင် ပိန်တယ်။ ထမင်းစားပြီးရင် ဖေါင်းတယ်ဆိုတဲ့ ပိန်ဖေါင်းဝိပဿနာကျွမ်းကျင်တဲ့ ကျုပ်တို့  ကြီးတော်ကြီးကို ငါးရက်မြောက်နေ့ ရောက်တော့ သူ့ ဓမ္မမိတ်ဆွေတွေကမေးတယ်။
‘‘ အဆင်ပြေလား’’
ကြီးတော်ကြီး ပြန်ဖြေလုက်ပုံက သင်းတယ်။ ဘာတဲ့။
‘‘အမလေး မမေးကြပါနဲ့ ဟယ်။ စားလည်း တရားမှတ်။ သွားလည်းတရားမှတ်။ ထိုင်လည်းမှတ်။ ထလည်းမှတ်။ တစ်မှတ်တည်းမှတ်နေရတာ သေချင်စော်ကိုနံရော။ အင်းကိစ္စတာ့ မရှိပါဘူးလေ။ နောက်ငါးရက်ဆို ဒီဒုက္ခက လွတ်ပါပြီ’’ ဆိုပဲ။
တစ်ရက်မှာ တရားဟော တရားပြဆရာတော်က ‘သောက’ဆိုတဲ့ ခေါင်းစဉ်နဲ့  တရားဟောတယ်။ အဲဒီမှာ ဆရာတော်က ယောကီများကိုအမေးရှိတာပေါ့။
‘‘ ယောကီများ ‘သောက’ ဘာကြောင့်ရသလဲ’’ တဲ့။
ယောကီတွေက တစ်ယောက်တစ်ပေါက်ဖြေကြတယ်။ တစ်ချို့ က ခန္ဓာ ရှိလို့  ခန္ဓာကြောင့်။ အဲ... တစ်ချို့ က တဏှာရှိလို့ ။ တစ်ချို့ ကျပြန်တော့ မောဟကြောင့်၊ သံယောဇဉ်ကြောင့် အမျိုးမျိုးလျှောက်ကြတယ်။
ကြီးတော်ကြီးကတော့ အဲဒီလိုမဟုတ်ပေါင်။ စဥ့်အိုးကြီးတစ်လုံးကို ရိုက်ခွဲလိုက်သလို ....ဝမ်းသာအားရ အသံကြီးနဲ့ လျှောက်ထား လိုက်တာကတော့...
‘‘ အိမ်က ဟာကြီးကြောင့်ပါ ဘုရား ’’  တဲ့။
သ‘ူသောက’ ရတာ အိမ်ကဟာကြီးကြောင့်တဲ့။ ပြတ်ကရော။
သာဓုဗျာ သာဓု…သာဓု။
No comments:
Post a Comment