ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Friday 30 March 2012

သုံးဆယ့်တစ်ဘုံသားအားလုံး ကျန်းမာချမ်းသာကြပါစေ။

 
သုံးဆယ့်တစ်ဘုံသားအားလုံး ကျန်းမာချမ်းသာကြပါစေ။(ခွေးမွေးထားတဲ့ တိုက်ခန်းက တရုတ်မ မပါ )။ဟေဟေ့။
‘‘ နောင်..ဝေ..ဝေ..ဝေ…. ’’
ဘွန္တော သပ္ပူရိသအပေါင်းသူတော်ကောင်းတို့  မနုသတ္တ ဒုလ္လဘသည် ရခဲဘိခြင်း ရစဉ်တွင်းဝယ် အရင်းမပျက် အမြတ်ထွက်အောင် ဆောင်ရွက်ကြလော့။ ဒါန၊ သီလ၊ ဘာဝနာနှင့် ထုံမွှန်းသောအရပ်သည် အေးချမ်းငြိမ်းမြ ရှိ၏။
‘‘ နောင်..ဝေ..ဝေ..ဝေ… ’’
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားလေးပါးနှင့် လျှော်ညီသောအရပ်သည် နှလုံးစိတ်ဝမ်း အေးချမ်း၏။
‘‘ နောင်..ဝေ..ဝေ..ဝေ… ’’
မိစ္ဆာဒိဋ္ဌိကိုရှောင်၍ သမ္မာဒိဋ္ဌိကိုဆောင်ခြင်း၊ ရတနာမြတ်သုံးပါးကို ကိုးကွယ်ပူဇော်ခြင်း၊ အနန္တောအနန္တငါးပါးကို ရိုသေလေးစားခြင်းသည် အသက်ရှည်၍ အနာကင်းမဲ့၏။
‘‘ နောင်..ဝေ..ဝေ..ဝေ… ’’
ဒီနေ့  ဒီရက် ဒီအချိန်အခါမှစ၍ လူလူချင်း မေတ္တာပို၍ထားကြကုန်လော့။ ဒုစရိုက်ကို ဖျောက်ကြလော့။ သုစရိုက်ကို ဆောင်ကြကုန်လော့။ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များကို အလှူအတန်းပေးဝေကြကုန်လော့။ ကံငါးပါးလုံခြုံသူများ အသက်ရှည်ရာ၊ အနာကင်း၍ ကျန်းမာချမ်းသာ လန်းဖြာကြကုန်အံ့။ ဘွန္တော သပ္ပူရိသအပေါင်းသူတော်ကောင်းတို့ ။
‘‘ နောင်..ဝေ..ဝေ..ဝေ… ’’
‘‘ သာဓု…သာဓု…သာဓု……’’ 
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကိုလူအေးတို့ လင်မယား စလုံးပြန်လာခါနီး နယ်မှာနေတဲ့မိဘများကို သွားကန်တော့ကြတဲ့အခါ ကိုလူအေး ဖခင်ကြီးက ဆုပေးတယ်။
‘‘ ဒီလင် ဒီမယား ချစ်ချစ်ခင်ခင်သင့်သင့်မြတ်မြတ် ပေါင်းသင်းကြရ ပါစေကွယ်။ ’’ တဲ့။

‘‘ အိမ်ထောင်တစ်ခုမှာ လင်ကမယားအပေါ် မယားလုပ်သူကလင့်အပေါ် နားလည်မှုတွေ၊ ဖြည့်ဆည်းမှုတွေ၊ ဖေးမမှုတွေနဲ့ တခြားလိုအပ်ချက်တွေက အများသားကလား။

အိမ်သူအိမ်သားတွေ သင့်သင့်မြတ်မြတ်ရှိတဲ့ အိမ်မျိုးဟာ အင်မတန် ကျက်သရေမင်္ဂလာရှိတယ်။  မှတ်ထားကြ။

လူဆိုတာ ရောင့်ရဲတင်းတိမ်တတ်တဲ့အမျိုးမဟုတ်ပေမဲ့ ။ တချို့ ကိစ္စတွေမှာ အိမ်ထောင်ဖက်အပေါ် အလိုလောဘကြီးအပ်ဘူး။ ရသလောက်နဲ့ တင်းတိမ်နိုင်တတ်ရမယ်။ တစ်ဖက်ကလည်း လုပ်နိုင်သလောက်။ အဲ..ကိုယ်လုပ်ပိုင်ခွင့် ရှိသလောက်ပေါ့ ကြိုးစားရမယ်။

ဖေဖေ ထပ်ပြောချင်တာက အိမ်သူအိမ်သားတွေ သင့်သင့်မြတ်မြတ်ရှိတဲ့ အိမ်မျိုးဟာ အင်မတန် ကျက်သရေမင်္ဂလာရှိတယ်ဆိုတာ မမေ့ကြနဲ့ ။
လွန်ခဲ့တဲ့ဘဝတွေက ဒါနမျိုးစေ့တွေ ပါမလာလို့  ဆင်းရဲရရင်တောင် သူတို့ ရဲ့ အစဉ်ရွှင်ပြုံးနေတဲ့ ဟဒယ နှလုံးရောင်ကြောင့် သူတို့ ဟာ ကိုယ်ရောင်ကိုယ်ဝါတောက်ပြောင်လို့ နေကြတယ်။ ကြည်ရွှင်လန်းဆန်းလို့  နေကြတယ် ။(မျက်နှာမြင် ချစ်ခင်ပါစေပေါ့)။ ဆင်းရဲတာတောင် ပြောင်ပြောင်ရောင်ရောင် ရှိတယ်ဆိုတာ အဲဒါမျိုးကိုပြောတာ။ လူသာဓုခေါ် နတ်လည်းသာဓုခေါ်တယ် သားနဲ့ သမီးတို့  ’’


အဟောသုခံ ဤသည်လည်း ချမ်းသာကြီးခြင်း မဟုတ်ပါလော။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဘိုင်စကုတ်တွေကြည့်ကြတော့ မင်းသားနဲ့ မင်းသမီးညားကြလေသောအခါ ဟိုဘက်က စိန်တစ်ဆင်စာနဲ့  လုပ်ငန်းတစ်ခု။ ဒီဘက်က တိုက်တစ်လုံးနဲ့  ကားတစ်စီး ပေးတတ်ကြလေရဲ့ ။ သိန်းထောင်ကျော်တန်ကား ကြီးစီးပြီး ဘဝကိုလျှောက်ကြတယ်ပေါ့။ အားမကျ ဘူးလား။ ငါတို့ မှာတော့ သူတို့ လို နဲနဲမှမချမ်းသာပါလား လို့  အားငယ်ချင်နေပြီလား။ မိဘတွေပေါ် ငြိုငြင်ချင်နေပြီလား။

ကိုလူအေးတို့ ကတော့ သာမန်လူတန်းစားတွေမို့  လူသာမန်တွေလိုပဲ အရည်အချင်းကို စီးပြီး ဘဝခရီးကို လျှောက်ကြရတယ်။ ကျနော်ပြောဘူးပါတယ်။ စိတ်တူကိုယ်တူဆိုတာ ဖြစ်နိုင်တဲ့ ထုံးစံမရှိပေမယ့် ဖြစ်အောင်တော့ နေကြရမှာပါ။ အဲဒါမှ တကယ့်အရည်အချင်း မဟုတ်လား။
ပြောရဦးမယ်...အဲဒီဘိုင်စကုတ်ဇာတ်လမ်းကိုရေးတဲ့ စာရေးဆရာ၊ ဇာတ်ညွှန်းဆရာတွေကိုမေးကြည့်။ ခင်ဗျားတို့  ဘဝကော ဘယ်လိုလဲလို့ ။
‘‘ ကိုကိုလည်း မင်းလိုပါပဲကွယ် ’’ လို့  ဖြေကြလိမ့်မယ်ဗျို့ ။ ဇာတ်လမ်းက ဒီလိုလေ...................

တစ်ခါတုန်းကပေါ့ ရွာကထောက်ပံ့တဲ့ဝတ္ထုငွေနဲ့  ကိုရင်လေးတစ်ပါးဟာမြို့ တက်ပြီးစာလာသင်ရတယ်.....ဒါပေမဲ့ ကိုရင်လေးဟာ စာကိုကောင်းကောင်းမသင်ယူဘူးတဲ့။
ဒီလိုနဲ့ စာမေးပွဲဖြေဆိုဖို့ အချိန်ကို ရောက်လာတယ်ပေါ့.......
အဲ....ကိုရင့်ဘေးနားမှာကပ်ရက်ကျတာက သီလရှင်လေး တစ်ပါးတဲ့လေ။ ဆရာလေးက မေးခွန်းတွေ မဖြေနိုင်လို့  စိတ်ညစ်နေတဲ့အချိန်မှာ ကိုရင်လေးက စာရွက်တွေ ခဏခဏထတောင်းနေတော့ ကိုရင်လေး ကို အထင်ကြီးလာတယ်။
ဒါနဲ့ ပဲ ကိုရင်လေးဆီကို စာရေးပြီး ခိုးပေးလိုက်တယ်....‘‘ အဖြေသိရင် နဲနဲ ပြောပြပါလား ’’.....တဲ့ ။
ကိုရင်လေးက စာကိုဖတ်ပြီးတော့ ပြန်ရေးပေးလိုက်တယ်။ သီလရှင်လေးလည်း ၀မ်းသာအားရ ဖတ်ကြည့်လိုက်တော့....‘‘ ကိုကိုလို့ ခေါ်ရင် ပြောပြမယ် ’’......တဲ့လေ။
ခက်တော့ဖြင့်နေပါပြီ ။ စာမရလို့  စိတ်ညစ်နေရတဲ့အထဲ ဒီကတုံးက တမှောက်။ဘာပြဲဖစ်ဖြစ်လေ...စာမေးပွဲ အောင်ဖို့ က အဓိကပဲဆိုပြီး စာပြန်ရေးလိုက်တယ်...‘‘ ကိုကိုရယ်သိရင် ပြောပြပါလားကွယ် ’’....။
ကိုရင်လေးက ပြုံးဖြီးဖြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ ဖတ်ပြီး အဖြေရေးပေးလိုက်တာကတော့..............................။

‘‘ ကိုကိုလည်း မင်းလိုပါပဲ ။
ကိုကိုလည်း မင်းလိုပါပဲကွယ် ’’ တဲ့။ ကဲ...မှတ်ကရော..။ ဘာဖြစ်သေးလဲ။ ပျော်စရာကြီးနော့။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx





















ဆက်ဖတ်ရန် >>>

Monday 26 March 2012

တနေ့ နေ့ တော့ ချောင်းအရိုက်ခံရမှာ မြင်ယောင်သေးရဲ့ ။

ကျနော်တို့ ဟာ.....
ဆုံးဖြတ်ရဲသူကို ဇွတ်တရွတ်ဆန်တယ်။

ချင့်ချိန်တတ်သူကို သူရဲဘောကြောင်တယ်။

စည်ကမ်းနဲ့ ပေးသူကို ကပ်စေးနဲတယ်။

ဦးဆောင်နိုင်သူကို ဆရာ့ ဆရာ ဆရာကြီးလုပ်တယ်ရယ်လို့  အထင်မှားတတ်ကြပါတယ်။


ကျနော်ဆိုတာ ဘော်လီဘော ကွင်းထဲက ဒိုင်သူကြီးအတိုင်းဘဲ ခုံမြင့်ကြီးပေါ်မှာ ထိုင်ပီး အပေါ်စီးကနေ ကြည့်နေရတာ မြင်ကွင်းကို ရှင်းလို့။

ဒုက္ခရောက်တဲ့အခါ လက်သည်အစစ်ကို တွေ့ အောင်ရှာတတ်ဖို့  သိပ်အရေးကြီးတယ်မဟုတ်လား။

လူတွေဟာ ဒုက္ခတွေ့ တဲ့အခါ ‘ ဟိုလူ့ ကြောင့်၊  ဒီလူကြောင့်  ငါဒုက္ခရောက်ရတယ်  ’လို့  မဆိုင်သူတွေ၊ လက်သည်အစစ်မဟုတ်သူတွေကို လျှောက်စွပ်စွဲပြီး ဒုက္ခရောက်နေရတဲ့အထဲ စိတ်ဆင်းရဲခံကြပြန်တယ်။
ဒီလိုကနေ ဒေါသတွေ ဖြစ်လာပြီး အကုသိုလ်တွေ အဝင်ခံရပြန်ရော။  အကြောင်းရှိလို့  အကျိုးဖြစ်တယ်။ အဲဒီအကြောင်းနောက် တောက်လျှောက်လိုက်ကြည့်။

သဲလွန်စတွေက ပီပြင်နေမှတော့ အမှုက ဗူးပေါ်သလို ပေါ်ပြီပေါ့ဗျာ။ လို့  စုံထောက်ကြီး ဦးစံရှားလေသံနဲ့

ပြောရမလိုဖြစ်နေပြီ။ကိုယ့်ကိုဒီလိုဒုက္ခရောက်အောင်လုပ်လိုက်တဲ့သူအစစ်က ကိုယ်ပဲလေ။

အခွင့်အရေးဆိုတာ အချိန်အတိုင်းအတာ တစ်ခုပဲ ရှိတတ်ပါတယ်။ အပင်ပေါ်က သရက်သီးတွေလို အချိန် မလွန်ခင် ခူးအုပ်ရမှာ ဆိုတာမျိုးပေါ့။  အပင်ပေါ်မှာမှည့်ပြီး ငှက်စားခံရလို့  ဘုတ်ကနဲ ပြုတ်ကျသွားတော့မှ နှမြောရကောင်းမှန်းသိရင်တော့ စိတ်မကောင်းစရာပေပဲ။

စိတ်တူကိုယ်တူဆိုတာ ဖြစ်နိုင်တဲ့ ထုံးစံမရှိပေမယ့် ဖြစ်အောင်တော့ နေကြရမှာပါ။ အဲဒါမှ တကယ့်အရည်အချင်း မဟုတ်လား။

သားသမီးဆိုတာ ငယ်ရွယ်စဉ်အချိန်မှာသာ မိဘအုပ်ထိမ်းသူတွေရဲ့  ဝါးခွန့် ကျွေးတာကို ချိုမိုင်မိုင် လုပ်ပြရင်း
စားလိမ့်မယ်။အဲ........ အရွယ်ရောက်လာတဲ့သားသမီးကတော့ဒါကိုအန်ဖတ်တွေလို့ပဲမြင်တော့မပေါ့။ 
ပြောရရင်တော့  တင်းကြပ်တဲ့ အုပ်ချုပ်မှု့ နဲ့  ထိမ်းချုပ်လို့ မရနိုင်တဲ့၊
အိုင်ကျူမြင့်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်နေတဲ့ လူငယ်တွေကို နေရာပေးပြီးဆွေးနွေးညှိနှိုင်းတာက ပိုပြီးထိရောက် လိမ့်မယ်လို့ထင်ပါတယ်။
ကောင်းပြီ၊ ကောင်းပြီိ။ ကြောက်လည်းမကြောက်နဲ့ ။နောက်လည်းမဆုတ်နဲ့ ။ နောင်လည်းမလုပ်နဲ့  ကွယ့်။
လမ်းလျှောက်တတ်ကာစကလေးငယ်လမ်းလျှောက်နေတာကို ကျနော်တို့ ရှေးဦးသူနာပြု သေတ္တာပိုက်ပြီး
စောင့်ကြည့်နေကြရသလို။ လက်ခုပ်တီးပြီး အားပေးလိုက်ကြပါစို့ ။

တခါက ညတစ်ညမှာ ကောင်ကလေးက စိတ်ကောက်နေတဲ့ ကောင်မကလေးရဲ့ အဆောင်ရှေ့  သွားပြီး သီချင်းဆိုတယ်။ ဟန်ဆောင်စိတ်ကောက်နေတဲ့ ကောင်မလေးက စာတိုလေးတစ်စောင် ပြန်ပေး လိုက်တယ်ပေါ့။
ကို...ညည့်နက်နေပြီ ပြန်တော့နော်။ နေမကောင်း ဖြစ်နေအုန်းမယ်။
ဒါပဲနော်....
နောက်ထပ်ကျမကို စိတ်ဆိုးအောင်လုပ်ရင်  ‘‘ ဒီတစ်သက် အပြတ်ပဲ ’’ တဲ့။

ဒီစာကို ဖတ်ပြီး တဲ့နောက် ကောင်ကလေးဟာ ကောင်မကလေးကို လုံးလုံးလှည့်မကြည့်တော့ဘူးဗျို့ ။
‘‘ဒီတစ်သက် အပြတ်ပဲ’’ ဆိုတဲ့ စာကြောင်းမှာ ပြတ်ကို ယရစ် ပြုတ်ကျကျန်ခဲ့တော့……။

အဲဒီမှာ ကျနော်တစ်ခုသတိထားမိတာက ‘တစ်ဖက်သတ်’ဆိုတဲ့ စကားပါပဲ။ ပြတ်မှာ ယရစ် ဘာကြောင့် ပါမလာရသလဲဆိုတာ မမေးသင့်ဘူးလား။ ကိုယ့်ချင်း ကိုယ့်ချင်းပဲဟာ။
တစ်ဖက်သတ်ဆိုတာ တစ်ဖက်ကို‘သတ်’ လိုက်တာပေါ့။ သားသမီးနဲ့  မိဘဆိုမှတော့ ဘယ်သူပဲ အသတ်ခံရ ခံရ နှစ်ဖက်စလုံး သေသွားပြီး ဆိုးကျိုးတွေပဲ ဖြစ်လာနိုင်ပါတယ်။
လူငယ်တွေကလည်း မိဘများ ကိုယ့်အပေါ်ထားရှိတဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေကို မသတ်လိုက်စေချင်တာ စေတနာပါ။
အောင်မာ အောင်မာ သူများပြောဘို့ လည်းချန်ထားပါဦးနော်။ သူများတို့ က လုပ်စရာရှိရင်သာ နေ့ ရွှေ့ ညရွှေ့ ၊ ခံစရာရှိလို့ ကတော့ အံကြိတ်ခံလိုက်တာလို့ တော့ တလွဲနေရာမှာဆံပင် မကောင်းစေချင်ပါဘူး။
သတိနဲ့ ယှဉ် ၊ ဥာဏ်နဲ့ ဆင်ခြင်ပီး ဆုံးဖြတ်နိုင်ကြပါစေ။
ကျနော်တို့  သုဝဏ္ဏသျှံဇာတ်တော်ကို ဖတ်ဖူး၊ နာကြားဖူးကြတာပဲ။
မိဘတွေကို ရိုရိုသေသေ ပြုစုလုပ်ကျွေးတဲ့သူတွေဟာ မိမိတို့ ရဲ့  အတိတ်အကုသိုလ်ကံ တစ်ခုခုကြောင့် အင်မတန်ကြီးမားတဲ့ ဘေးအန္တရာယ်နဲ့ တွေ့ ရတာတောင် နာလန်မထူနိုင်အောင် ဒုက္ခရောက်မသွားဘူး။ ကယ်မမယ့်သူတွေ တစ်နည်းနည်းနဲ့ ပေါ်လာပေးရတယ်ဆိုတာ ဒီဇာတ်တော်အရ ထင်ရှားပါတယ်။။

ဒီလိုဘဲပေါ့ဗျာ လူကြီးတွေက‘ပိုးသာကုန် မောင်ပုံ စောင်းမတတ်။’ လို့  အော်ကျယ်အော်ကျယ်ပြောနေချိန်မှာ လူငယ်တွေရဲ့  စိတ်ထဲမှာ‘ အချိန်တန်တော့ နပိန်ကန်တယ်ဆိုတဲ့ စကားရှိတယ်မဟုတ်လား။’ လို့  စိတ်ထဲက ပွစိပွစိပြောနေလိမ့်မယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဘမျိုးဘိုးတူ။
ဘိုးတွင် သူများနှင့်မတူသော ထူးခြားချက်တစ်ရပ် ရှိသည်။ ဘိုးသည် ထမင်းစားပြီး ပလုတ်ကျင်းသောအခါ၌ လည်းကောင်း၊ တစ်ခုခုစားသောက်ပြီး ပလုတ်ကျင်းသောအခါ၌ လည်းကောင်း၊ ဘယ်တော့မှ ထွေးမပစ်ချေ။ ပါးလုတ်ရည်ကို မျိုချလိုက်သည်သာ ဖြစ်၏။ 

ကျတော်က “ဘိုးလုပ်ပုံဟာ သူများနဲ့ မတူဘူး။ မရွံဘူးလား ဟု မေးသောအခါ “ဟ … ကိုယ့်ပါးစပ်ထဲကဟာ ကိုယ်ရွံနေမှဖြင့် ငါ့လခွီးတဲ့၊ လည်ပင်းလှီးပစ်ဖို့သာ ရှိတော့တာပေါ့ကွ ဟု ပြန်ဖြေပါသည်။ 

ကျနော်က အတ္တကြီးတယ်။ လက်ခံမယ့်သူကိုပဲ ပေးချင်တယ်။ စေတနာဗလပွ မထားတတ်ဘူး။ အဲဒီတော့ လူအမြင်ကပ်ခံရတယ်။ ဒဲ့ပြောရရင် လူမုန်းများတယ်ပေါ့။
ကျနော်က ဆရာကြီးလုပ်တတ်တယ်။ ကိုယ့်စကားနားမထောင်ရင် (ဆရာကြီးလုပ်လို့  မရရင်)

နေ့ စေ့လစေ့ကိုယ်ဝန်သယ်ကြီးလို တံတွေးတပျစ်ပျစ်နဲ့ 

ဘေးထိုင်ပြီး ဘုပြောရတာကို ဝါသနာကြီးတယ်။ တနေ့ နေ့ တော့ ချောင်းအရိုက်ခံရမှာ မြင်ယောင်သေးရဲ့ ။ဟီဟိ။
 

ဆက်ဖတ်ရန် >>>

Friday 16 March 2012

ကိုယ့်လူ ကိုယ်ကြည့်ရှင်းကြတာပဲ ကောင်းပါတယ်။

မိတ်ဆွေတစ်ယောက်နဲ့  ကျနော် ခရီးတစ်ခုကို အတူသွားတယ်။ လမ်းမှာ ကျနော်က ရေဆာ လိုက်တာလို့  ငြီးတွားမိတော့ ခရီးသွားဖေါ်က သူ့ ရဲ့ ရေဘူးကို ထုတ်ပေးတယ်ပေါ့။  ရေဘူးက ရေတစ်ဝက်ပဲ ရှိတယ်။ ဒါကိုကျနော်က ရေတစ်ဝက်ပဲကျန်တော့မှ ပေးရသလားလို့  အပြစ်တင်လိုက်မယ်ဆိုရင် မိတ်ဆွေ ဘယ်လို ခံစားရမလဲ။
ဒီလိုမဟုတ်ပဲ ရေတစ်ဝက်ကြီးများတောင် ကျန်သေးတာပဲ။ Thanks ။ လို့  ပြောလိုက်မယ် ဆိုယင်ကော။

ဤကိစ္စကား အတော်မခံချင်စရာ ကောင်း၏။
ဤကိစ္စကား အခြားမဟုတ်။ ‘  ဆက်သွယ်မှုဧရိယာ ပြင်ပ ’ နှင့် ‘ ကြားလား ’ ဆိုသောကိစ္စ ဖြစ်လေ တော့သည်။

ကျနော်တို့ ဟာ ကိုယ်ကလည်းသွားဆက်သေး။ အဆက်ခံရတဲ့ဖုန်းက ‘ ဧရိယာ ပြင်ပ ’ လို့ ပြန်ပြောရင် ဘာမှန်းမသိဘဲ မခံချိ မခံချင် ဖြစ်သွားတတ်ကြပါတယ်။ နေရင်းထိုင်ရင်း အဲဒီဖုန်းပိုင်ရှင်အပေါ် မသင်္ကာဖြစ်ကြတော့တယ်။ ဘယ်ချောင် သွားတိုးနေတယ် မသိဘူးလို့ တွေးလိုက်ကြတယ်။ မဟုတ်တဲ့ တစ်နေရာရာတော့ ရောက်ကိုရောက်နေပြီလို့  ဘိုင်သေထင်ပစ်လိုက်ကြတယ်။ မခက်ဘူးလားဗျာ။

ကိုလူအေး စလုံးကိုရောက်နေတာ ဆယ်စုနှစ် နှစ်ခုနီးပါးရှိပြီဆိုတော့မိခင်နိုင်ငံမှာရှိတဲ့ ဆွေမျိုး၊ မိတ်ဆွေတွေရဲ့  လိုအပ်ချက်တွေကိုတတ်နိုင်သလောက် ကူညီပေးရပါတယ်။ ငွေကြေးအားဖြင့်ဖြစ်စေ၊ နေရေးထိုင်ရေး စီစဉ်ပေးခြင်း မျိုးဖြစ်စေပေါ့။ ဒါပေမယ့် အချို့ ပြဿနာမျိုးတွေမှာတော့ ‘ ဧရိယာ ပြင်ပ ’ လို့ ပြောရင် မခံချိ မခံချင် မဖြစ် စေချင်ပါ။  

တခါကပေါ့ မုဆိုးမ သားမိနှစ်ယောက်ရှိသတဲ့။ သမီးကလေးအရွယ်ရောက်လာတော့ အိပ်ခန်း ခွဲပြီး အိပ်ချင်တယ်လို့  အမေဖြစ်သူကို ပြောတယ်တဲ့။ အမေက ‘‘သမီးရဲ့  မိန်းမသားချည်းဆိုတော့  လူဆိုး သူခိုးရန်က ကြောက်ရတယ်ဟဲ့’’ လို့ ပြောတော့.....
‘‘ ဒါများ...ကြောက်စရာမလိုပါဘူး။ အရေးအကြောင်းဆို သမီးကိုလှမ်းခေါ်ပေါ့’’။ ဒီလိုနဲ့  တစ်ညမှာ သမီးဖြစ်သူဟာ သူ့ အခန်းထဲကို လူတစ်ယောက်ဝင်နေတာတွေ့ တော့ ‘‘ အမေရေ ဟောဒီမှာ ကျုပ်အခန်းထဲ လူဝင်နေတယ်တော့’’ လို့  အော်လိုက်တော့ ။ အမေဖြစ်သူကလည်း ပင်ပန်းမောဟိုက်နေတဲ့ အသံနဲ့ ပြန်အော်ရှာသတဲ့....
‘‘ ညည်းလူညည်း ကြည့်ရှင်းပေတော့ ကောင်မရေ၊
  ဒီမှာ ငါလည်း ငါ့လူ ငါကြည့်ရှင်းနေရတယ်’’  တယ်တဲ့လေ။

အင်း....အချို့ ပြဿနာမျိုးတွေမှာတော့ ကိုယ့်လူ ကိုယ်ကြည့်ရှင်းလိုက်ကြတာပဲ ကောင်းပါတယ်ဗျာ။နော။

ပေးကမ်းခြင်းသည် အောင်မြင်ရာ၏။ ဒါပေမယ့် ရေဘူးတစ်ဝက်ပဲ ပေးနိုင်တယ် ဆိုရင်ကော...။

ယခုတလော ကျွန်ုပ်ကိုယ်တိုင်ကြုံနေရသည်မှာ အတော်မဟန်သော ကိစ္စဖြစ်သည်။
ပြောစရာဆိုစရာရှိ၍ တစ်ဖက်သို့ ခေါ်ရာ ဝင်သွားပြီး တစ်ဖက်မှကိုင်၏။ ထိုအခါ ‘ဟယ်လို’ဟူသော ဖုန်းပဋ္ဋိသန္ဓာရစကားမှစကာ ပြောစရာရှိတာ သုံးလေးခွန်းပြော၏။ သို့ သော် တစ်ဖက်မှ ကောင်းကောင်းမကြားရ၍ ဟယ်လို ဟယ်လို လုပ်၏။ ထိုအခါ ကျွန်ုပ်မှ ငါပြောနေတာမကြားရဘူးထင်တယ်ဟု ယူဆကာ ‘‘ကြားရလား’’ ဟုမေး၏။
တစ်ဖက်မှကြား၍‘‘အေး..ကြားတယ်’’ဟုဖြေ၏။
ကျွန်ုပ်လည်းဆက်ပြော၏။ တစ်ဖက်မှမကြားပြန်၍ ‘‘ဘာဖြစ်တယ်’’ လုပ်ပြန်၏။
ကျွန်ုပ်လည်း ‘‘ကြားရလား’’ လုပ်ရပြန်၏။ တစ်ဖက်ခမျာလည်း ‘‘ကြားတယ်’’ ဖြေရပြန်၏။
သို့ နှင့် ဆက်ပြောသော် မကြားပြန်ချေ။ ‘‘ကြားလား’’  ‘‘ကြားတယ်’’ လုပ်ကြပြန်၏။
နောက်ဆုံး ဖုန်းတစ်ကတ်ကုန်သွားသော် သူလည်းဝိုးတိုးဝါးတား၊ ကိုယ်လည်းရိပ်ဖမ်းသံဖမ်းနှင့်သာ။
ဤသို့ ဖြင့်  သိပ်မကျေနပ်သည်ရှိသော် ပြန်ဆက်ကာ ပြောကြပြန်၏။
သို့ သော်လည်း လိုရင်းမရောက်ပဲ ‘‘ကြားလား’’ ‘‘ကြားတယ်’’  နှင့်သာ ဖြစ်နေပြန်သည်။
သတ္ထုချသော် ကျွန်ုပ်ဖုန်းခေါ်သည်မှာ ကျွန်ုပ်ပြောချင်သောစကားကို ပြောရန်မဟုတ်ပဲ ကျွန်ုပ်အသံကြားသလား မေးရန်ဖြစ်နေတော့၏။ လိုင်းမမိ၍ မဟုတ်။ လိုင်းလည်းကောင်းကောင်းမိနေ လျက်က တခြားဟာပြောတာ မကြားရပဲ ‘‘ကြားလား’’  မေးမှ သွားကြားနေ နေသည်မှာ အတော်မခံချင်စရာ ကောင်း၏။

ဘာရယ်လို့ တော့ မဟုတ်ပါဘူး။ ခုတစ်လော မဒမ်လူအေး တစ်ယောက် ကိုလူအေး  တခြားဟာပြောတာ မကြားရပဲ ‘‘ကြားလား’’ မေးမှ သွားကြားနေ နေတာ ဘာကြောင့်လည်းလို့  စဉ်းစားမရလို့ ပါ။






ဆက်ဖတ်ရန် >>>

Sunday 11 March 2012

လူတော်လူကောင်း၊

မေတ္တာပို့ နေရုံနဲ့  မဖြစ်သေးဘူးဗျ။ ကျနော်တို့ တွေမှာ မေတ္တာဓါတ်တွေရှိနေဖို့ က အရင်လိုအပ်တယ်။

ဘယ်လိုပြောရမလဲ။ကျနော်က ပြောသလိုလုပ်ပြီး၊ လုပ်သလောက်သာ ပြောတတ်တဲ့ လူမျိုးကိုလေးစားတယ်။

ကျနော်ဖတ်ဖူးတဲ့ ဆရာနေမျိုးအေးရဲ့ ကာတွန်းလေး ထဲကလိုပေါ့။
တပည့်တစ်ယောက်က ဆရာ့ထံပါးမှာခွင့်တောင်းတယ်။
‘‘ ဆရာကြီးကို ရိုသေလေးစားပါရစေ ဆရာကြီး’’ တဲ့။
‘‘ ကြံကြံဖန်ဖန်ကွယ်၊။။။။ ရိုသေလေးစားချင်တာများ ခွင့်တောင်းနေသေးသလားကွယ့်။ ရိုသေပေါ့၊ လေးစားပေါ့’’  လို့ ဆရာကြီးက မိန့် မိန့် ကြီးပြန်ပြောတယ်... ဒီတော့မှ တပည့်ဖြစ်သူက....
‘‘ဟုတ်ကဲ့၊ ရိုသေ လေးစားရအောင် နေဖို့ ၊ ပြောဖို့  သတိပေးတာပါ ဆရာကြီးရဲ့ ’’ တဲ့လေ။
လူကြီးပြီး အချိန်မစီးဘူးလို့  အရပ်စကားနဲ့  ပြောရမှာပေါ့နော။

ဘာရယ်တော့ မဟုတ်ပါဘူး။ ဒီအတောအတွင်း အသိနဲ့ အကျင့်အကြောင်းလေး စဉ်းစားမိလို့ ပါ။

‘‘ချစ်သားတို့  သင်လည်းသင်ပါရဲ့ ၊ သိလည်းသိပါရဲ့ ၊ ဟောလည်းဟောပါရဲ့  ဒါပေမယ့် အဲဒီပုဂ္ဂိုလ်ကို တရားဆောင်တဲ့ပုဂ္ဂိုလ်လို့  မခေါ်သေးဘူး။ သိရုံတင်မကဘူး၊
ကျင့်လည်းကျင့်ပါမှ တရားဆောင်တဲ့ပုဂ္ဂိုလ်လို့  ခေါ်တယ်’’ လို့  ဘုရားရှင် ဟောကြားခဲ့ပါတယ်။ ဘဘောက တော့ အသိနဲ့  အကျင့်ဟပ်မိနေမှ လူသာဓုခေါ်၊ နတ်သာဓုခေါ် ဖြစ်တယ်ဆိုတာပါပဲ။ဒီနေရာမှာ အသိနဲ့ အကျင့် ပေါ်မူတည်ပြီး လူတော်လူကောင်း၊ လူတော်နဲ့  လူကောင်းရယ်လို့  ကျနော်တို့ ခွဲထုတ်ကြည့်ကြပါစို့ ။

လူတော်ဆိုတာ ဘာသာရပ်တစ်ခုခု အပေါ်မှာ၊ ဒါမှမဟုတ် ဘာသာရပ်တော်တော်များများအပ်ါမှာ ကျွမ်းကျင် တတ်မြောက်တာပါ။ အသိပညာရှင် အတတ်ပညာရှင်ရယ်လို့  ခေါ်ရမှာပေါ့။

လူကောင်းဆိုတာ ကိုယ့်ရဲ့ ကံသုံးပါးအမူအရာတွေကို အထူးစောင့်စည်းပြီး ......
ကိုယ်တိုင်လည်း အကုသိုလ် မဖြစ်အောင်နေတယ်။
ကိုယ့်ကြောင့်လည်း သူတစ်ပါး အကုသိုလ်မဖြစ်အောင်နေတယ်။
နောက်...ကိုယ့်ကိုယ်ကိုလည်း ကုသိုလ်ဖြစ်အောင်နေတယ်။ ကိုယ့်ကြောင့်လည်း သူတစ်ပါးကုသိုလ်ဖြစ်အောင် နေတယ်။ ဒါမျိုးကတော့ လူကောင်းပေါ့။ သာဓုဗျာ..သာဓု၊ သာဓု။

လူတော်ဖြစ်ဖို့ ရာ ဆန္ဒ၊ကံ၊ဥာဏ်၊လုံ့ လတွေ သာမကဘဲ မိဘ၊ဆရာတွေရဲ့ အားပေး ပံ့ပိုးမှုတွေနဲ့  ပြည့်စုံမှပါ။
ခက်ခက်ခဲခဲကြိုးစား ကြရတယ်။ ကောင်းပြီ။
အတိတ်ကံအရ  ကျနော်တို့  လူတော်ဖြစ်တယ်။ လူကောင်းဖြစ်ဖို့  ဆက်မစဉ်းစားသင့်ဘူးလား။

အတိတ်ကံအရ ကျနော်တို့  လူတော်ဖြစ်ခွင့်မရခဲ့ဘူး။ ဘာများအားငယ်စရာလိုလို့ လဲ လူကောင်းဖြစ်ခွင့် ရှိပါသေးတယ်။

ဘာမှ အပန်းမကြီးပါဘူး။ လူကောင်းဖြစ်ချင်တဲ့ စိတ်ကလေးရှိလိုက်ဖို့ ကလေးပါပဲ။ လွယ်ပါတယ်ဗျာ။ လူတစ်ယောက်ရဲ့ ဘဝကို ကံသုံးပါးက အဓိကပြဋ္ဌာန်းထားတာဆိုတော့ ကံသုံးပါးကို ဂရုစိုက်လိုက်ရင်ပဲ အိုကေမှာ စိုပြေသွားပြီပေါ့ ကိုယ့်လူရယ်။

အားလုံးသိတဲ့ အတိုင်းဘဲ လူ့ ဘဝဆိုတာ ခဏလေးပါ။ သေတော့လည်း ထားခဲ့ကြရတာပဲ။ မသေခင်လေးမှာ ကောင်းအောင်နေလိုက်တာပဲ ကောင်းပါတယ်။ အဓိက ကတော့ ကောင်းချင်တဲ့ စိတ်ကလေး ရှိလိုက်ဖို့ ပါပဲလေ။


ဇာတ်သမတွေ ပွဲဆက်များလို့ ထမီတွေကိုမလျှော်အားတဲ့အခါ နင်တို့ ထမီတွေက ယမ်းနံ့ ကို ညှော်နေ ပြီိလို့  ပြောတတ်ကြသတဲ့ ။              
ကောင်မတွေ လျှော်ကြဦးဟဲ့။ပေါ့။







ဆက်ဖတ်ရန် >>>