မိုးကလေးကတစိမ့်စိမ့် အနောက်ယမ်းဝှေ့ သဖြင့်မိုးပေါက်သည်တစ်ခါတစ်ခါကြီးမားလာပြီးလျှင် ဓနိမိုးဓနိကာအိမ်များကို တဖြန်းဖြန်းနှင့်ရိုက်၏။ မြင်းပန်းထိမ်လင်မယားအိမ်ရှေ့ ရှိ ပိတောက်ပင်အိုကြီးမှာ တစ်ချက်တစ်ချက် သိမ့်သိမ့်ခါသွားသည်။
မြင်းပန်းထိမ်ဟုခေါ်ရခြင်းအကြောင်းရင်းကား ပန်းထိမ်လုပ်ရင်း မြင်းမွေးသောကြောင့်တည်း။ နေ့ ကျွတ်စီ၊ ညကျွတ်စီ လင်မယား ရန်ဖြစ်တမ်းအချစ်စမ်းကြသောအမူအကျင့်ကြောင့်လည်း ကလေးကအစ ခွေးအဆုံးသိကြလေသည်။
ထိုနေ့ တစ်နေ့ လုံးမိုးတဖွဲဖွဲနှင့် မစဲနိုင်ရှိချေသည်။ မြင်းပန်းထိမ်မိန်းမလည်း ဈေးပိတ်ပြီဖြစ်၍ ရောင်းပြီးလက်ကျန် ဥယျာဉ်ကွမ်းများနှင့်အလေးတောင်းတို့ ကိုရွက်ကာ ဦးခေါင်းမော့မော့ ရင်ကော့ကော့နှင့် အိမ်သို့ ပြန်လာလေသည်။လင်သည်မောင်ကား မျက်မှန်နက်ကြီးကို နဖူးပေါ်တင်၍ မယားသည်၏ လာလမ်းကိုမျှော်ကာ စောင့်စားလင့်၏။ ဇနီးသည်လည်းကြော့ကြော့၊ ကြော့ကြော့နှင့် ပေါက်လာပြီးလျှင် အိမ်ပေါ်သို့ တက်လေသည်။ ထိုမြင်းပန်းထိမ်လည်း ‘‘ဘယ်လင်ငယ့်အိမ်ဝင်နေလို့  သည်လောက်ကြာရတာလဲဟင်- ဗိုင်းဒါမ’’ ဟုဆီးကြို၍ ပဋ္ဋိသန္ဓာရပြု၏။
‘‘တော်ကျုပ်ကို သည်လိုမပြောနဲ့  သိရဲ့ လား၊ တစ်နေ့ လုံးရှာရတာ ဖတ်ဖတ်မောလို့ ။ ရှင်ပန်းထိမ်ကိုဘယ်သူလာအပ်သလဲလို့ - ကဲပြောစမ်း။ ရှင့်လုပ်စာ ဘာများစားရသလဲလို့  -ကဲဆိုစမ်း။ ကျုပ်လိုဟာမျိုး ထမင်းထုပ်နဲ့ လည်ရှာစမ်းပါတော် အကြောင်းသိရအောင်။ ဘယ်သူအနွံအတာခံပြီးရှာကျွေးမလဲဟင်။ ဒါနဲ့ တောင်မှ တောင်ပြောမြောက်ပြောနဲ့ ကျုပ်ကို ဘယ်လိုအစားမှတ်သလဲ’’
ကရားမှ ရေယိုကျဘိသကဲ့ သို့ သဖွဖွနှင့် ချက်ကျအောင် ပြောလိုက်သော မယား၏စကားရပ်တို့ ကို စိတ်ရှည်လက်ရှည်နားထောင်ပြီးသည်၏အန္တိမအဆုံး၌လင်သည်မောင်သည် ကောင်းချီးသြဘာ ထောမနာ ပေးသောအားဖြင့် ဖိနပ်ချွတ်သို့ လှမ်းရန်အားယူနေသော ဇနီးသည်ကို ကန်ချလိုက်လေသည်။
မိန်းမသည် လှေကားရင်းတွင် အခွေသားပုံလျှက်လဲ၏။မြင်းပန်းထိန်မိန်းမသည်လည်း အလေးရှိရာသို့ ချဉ်းရန်အားထုတ်၏။ဒေါသပုန်ခင်း၍လာသောမြင်းပန်ထိမ်ဆရာကြီးကား ဖိနပ်ချွတ်မှလွှားခနဲခုန်ဆင်း၍ အကြင်သို့ သော မယ်ပပ၏ ဆီချေးတစ်ဆယ့်လေးသစ်တက်နေသောကုပ်တိုကို နှိပ်ခွစီးပြီးလျှင် ပါးကို ရိုက်လတံ့ဟုရွယ်၏။ဆရာကြီး၏နဖူးပေါ်တွင်အတင့်အတယ်စံပယ်လျှက်ရှိသောမျက်မှန်နက်ကြီးသည်လည်း မိမိ၏ဇာတိချက်မြှုပ်ဖြစ်သောနှာရိုးပေါ်သို့ဆင်းသက်လိုက်၏။ ထိုအခါမှ ဆရာကြီးသည် သတိရ၍ မိန်းမ၏ ဇက်ကို ဒူးနှစ်လုံးဖြင့် ခေတ္တညှပ်ပြီးလျှင်လက်တစ်ဖက်ဖြင့် မျက်မှန်ကိုချွတ် တစ်ဖက်ဖြင့် မျက်မှန်အိမ်ကိုနှိုက်။ကျနသေသပ်စွာဖြင့်မျက်မှန်ကိုအိမ်သွင်းပြီးလတ်သော် အင်္ကျီအိတ်ထဲသို့ ပြန်ထည့်လေသည်။ ထိုမျှလောက်သော အတောအတွင်းကလေးတွင်ပြားပြားပိနေသော မိန်းမသည်အောက်မနေ၍တအားကုန် ဆောင့်လိုက်လေရာ ယောက်ျားဖြစ်သူသည် ပက်လက်လန်လဲလေသတည်း။
မိန်းမလည်းလွတ်သည်နှင့် တစ်ပြိုင်နက် အင်္ကျီလက်ကိုပင့်၏။
‘‘ကြည့်စမ်း-ကြည့်စမ်း ရှင်ဘာအငြိုးနဲ့  သည်လိုလုပ်တာလဲ ဟင်’’ဟု တစ်ခွန်းပြော၏။ ထဘီတိုတိုပြင်ဝတ်၏။
‘‘ကျုပ်ကိုစမ်းတာလား’’ဟု တစ်ခွန်းတောလိုက်ပြန်၏။ပြေကျနေသော ဆံပင်တို့ ကို ကပျာကသီ ရစ်ပတ်လိုက်၏။
‘‘ဘယ်လိုအစားမှတ်သလဲ’’ ဟုတတိယမ္ပိ သုံးကြိမ်မမြောက်တမြောက်ထ၍အတွန့် တွင် မြင်းပန်းထိမ်ဆရာကြီးသည် အစင်းသားလဲနေသောဣရိယာပုတ်မှ မတ်မတ်နေသောဣရိယာပုတ်သို့  ရုတ်ချည်းပြောင်းလဲလိုက်ပြီးလျှင်ချစ်လှစွာသောဇနီးသည်၏ ပါးပြင်ကို ဖြောင်းဖြောင်းမည်အောင်တီးလိုက်လေသည်။
‘‘အမယ်လေးတော် လုပ်ကြပါဦး’’ဟူသော စူးရှသောအသံကြီးသည် အနောက်လေပင့်ရာသို့  အလံလေးဆယ်လယ်တစ်ကွက်ခန့်ပါသွားပြီးမှ မိုးသက်လေသက်တို့ နှင့်ရောနောကာ ပျောက်ပျက်သွားလေ၏။အိမ်နီးပါးချင်းတို့ သည် ထိုအသံကိုကြားကြကုန်၏။သို့ သော် မည်သူမျှ ဆင်းမလာကြ။ခြေရင်း၊ခေါင်းရင်းနှင့် အိမ်ရှေ့ အိမ်များမှ အိမ်သားတို့ သည်ကား ဣနြေ္ဒရရနှင့်ရှုစား လျှက်ရှိကြကုန်၏။ကူညီဖျန်ဖြေရန်ကား မည်သူမျှ စိတ်မကူး။
မြင်းပန်းထိမ်လည်းအရိုက် ချစ်ဇနီးအငိုက်တွင် မလဲအောင်မီရာလှမ်းဆွဲလိုက်ရာ ပြေကျနေသော ဆံပင်များ တစ်ပုံတစ်ခေါင်းကြီး ၎င်း၏လက်ထဲတွင်ပါလာလေ၏။ ပါလာသမျှဆံပင်တို့ ကို တင်းကျပ်နိုင်သမျှ တင်းကျပ်စွာ လက်တွင်အထပ်ထပ်ရစ်ပတ်၍ခိုင်မခိုင် နှစ်ချက် သုံးချက်ခန့် တုပ်ဆွဲစမ်းသပ်ပြီးမှ အိမ်ပေါ်သို့  ဇနီးချစ်အားဆွဲတင်၏။ အိမ်ပေါ်ရောက်သော် ထရံတွင်ညှပ်ထားသောလိပ်ကျောက်မြီးကို အားသောလက်တစ်ဖက်ဖြင့်လှမ်းဆွဲပြီးလျှင် အဘယ်မယားအား ကျောတစ်ရာ၊ရင်တစ်ခတ်၏။ ပြီးလတ်သော် မြိုင်ရပ်နှင်ရန်ကျန်ပေသေးရကာ ဇနီးသည်၏ဆံပင်ကိုဆွဲလျှက်နှင့်ပင် လှေကားကို သုံးထစ် လျှင်တစ်လှမ်းကျခှမ်း၍င်ပြန်သော် လမ်းမတစ်လျောက် တရွတ်ပါအောင် ဆွဲငင်သွားလေ၏။
ထိုအတွင်း လျှပ်သည်ပြက်၏။ တောင်အရပ်ဆီမှ မိုးသည်ချုန်း၏။
‘‘သိကြားမင်ကြီးရဲ့ ကြည့်နေရက်တော့မလား’’ ဟုနှာသံပါပါနှင့်တအားညှစ်ထုတ်လိုက်သော မြင်းပန်းထိမ်မိန်းမ၏အသံသည် မိုးခြိမ်းသံကိုအဖေါ်ပြုကာ စကြာဝဠာတံတိုင်းသို့ လိုက်ပါသွားဘိ၏။
ဤအခြင်းအရာတို့ ကို သိာကားမင်းကြီးသည် မိမိ၏ ဣဒ္ဓပါဒ်တန်ခိုးဖြင့် မြင်နိုင်ပေမည်။
မြင်လျှက်နှင့် ရှုစိမ့်နိုင်ပ်ဦးမည်လော။
သိကြားသာသနာရောက်ခါနီးတွင် သိကြားစွမ်းပြချင်သည်မှာတရွရွဖြစ်နေသည့်အထဲတွင် ဤမလျှော်သောအမှု့ ကို လျစ်လျူပြုနိုင်အံ့လော။ပန်းထိမ်လင်မယားတို့  ထွေးလုံးရစ်ပတ်နှင့် လေးထပ်ကျောင်းလမ်းထိပ်သို့ ရောက်သို့ ရောက်လုနီးသည်နှင့်တပြိုင်နက် လက်တစ်ဖက်ကာ လောက်လေး ၊ခါးပိုက်ထောင်တွင်လောက်စာလုံးအပြည့်နှင့်ကိုယ်ယောင်ကိုယ်ဝါ မည်းမှောင်စွာ ထွက်ပေါ်လာသည်ကား သိကြားမင်းထင့်။ဟုတ်ပေလိမ့်မည်။ သိကြားမင်းလူယောင်ဖန်ဆင်း၍ လူ့ ပြည်သို့  သက်ဆင်းဖြစ်ရမည်။သို့ သော် အသေအချာရှု့ စမ်းပါရစေဦး။ သိကြားမင်းက ဘယ်သူနှင့်တူသလိုလိုရှိလိုက် ပါဘိ။
အလို....လက်စသတ်တော့  ကိုဒေါင်းပါကလားကရို့ ။
မဟုတ်လျှင်မခံတတ်၊ မတော်သည်ကိုတွေ့ လျှင်မနေတတ်သော ကိုဒေါင်းမှာ မိန်မသားတအားနွဲ့ အား ထိုသို့ ဆော်ကားနှိပ်စက်သည်ကိုမြင်လျှင် အူရောအသည်းပါ ကျွမ်းသန္တာလန်ကာ လှိုက်လှိုက်လှဲလှဲဖြစ်အောင် စိတ်ဆာသွားလေသည်။ အူထဲမှ လိမ့်၍က်လာသောမခံချင်စိတ်သည် အထက်သို့ လျှံပြီး သကာလ လက်ဖျားသို့ ရောက်လာအောင် ဝေကျလာလေရကား လက်ယားလာလေစည်။ ထိုယားလာသော လက်တစ်ဖက်သည် လောက်လေးကို အဆင်သင့်ကိုင်ပြီး ဖြစ်လေရာ ကိုဒေါင်းသည် သိကြားမင်းတို့ ၏အဆောင်အယောင်ဖြစ်သော မကိုဋ္ဋ်အစား၊ ခမောက်ကိုခေါင်းပေါ်တွင်မာန်ပါပါနှင့်အသာတင်။ မိုးကြိုးသွားတည်းဟူသော လောက်စာလုံးကိုနှိုက်။ ဘယ်ခြေကိုရှေ့ ထား၊ညာခြေဖြင့်ကိုယ်ကိုမတ်ပြီးလျှင် မိုးကြိုးသွားကို အားကုန်လွှတ်၏။
‘ဒေါင်’ ဟူ၍ ကုလားတက်ခေါက်သံထက် ပြင်းအောင်မြည်သောအသံ၏အဆုံးတွင် ပန်းထိမ်ဆရာမှာ မယားကိုလွှတ်၍နားထင်ကိုလက်ဖြင့်အုပ်ကာ အိမ်ပေါ်သို့  ကသုတ်ကရက်တက်ပြေးလေ၏။ကိုဒေါင်းလည်း ကျောင်းလမ်းထိပ်ကို ခပ်သုတ်သုတ် ချိုးပြီးသော် ပန်းထိမ်ဆရာ၏ အိမ်ရှေ့ တည့်တည့်မှနေ၍ အိမ်တွင်းရံကို ဖုန်းဖုန်းမြည်အောင်လောက်လေးနှင့်ပစ်၏။
ထို့ နောက် နောက်ဆုံးတစ်ချက်ပဲဟု စိတ်တွင်မှတ်၍ လောက်စာလုံး တစ်လုံးကိုအနှိုက် ၊ နောက်မှနေ၍ လူတစ်ယောက်သည် နှိုက်သောလက်ကို တုပ်ဆွဲလိုက်ကြောင့်လှည့်ကြည့်မိရာ...
မြင်းပန်းထိမ် ဆရာကတော်သည် အကြည့်ခံရသူတိုင်းလောင်ကျွမ်းပြာကျသွားရလောက်အောင် မီးလျှံကဲ့ သို့ တောက်ပပူပြင်းသော မျက်လုံးတို့ ဖြင့် မိမိကိုကြည့်ကာ-
‘‘ရှင်..ကျမလင်ကို ဘယ်လိုလုပ်လိုက်တာလဲ၊
မခံဘူးတော့  မခံဘူး။ လာ- ရဲသွားတိုင်မယ်’’ ဟုပြောဆိုကာ လက်ကိုအတွင်သား ဆွဲခေါ်နေသည်ကို တွေ့ ရလေ၏။
ကိုဒေါင်းသည် မင်သက်မိသွား၏။
ကိုဒေါင်းတည်းဟူသော သိကြားယောင်မှာ ဆုတ်ကန်ဆုတ်ကန်နှင့်သာ ပါသွားတော့ လေသတည်း။
ရဲစခန်းသို့ ရောက်၏။ ရဲများဝိုင်းလာ၏။ အသိလိုလို စာသင်တစ်ယောက်က ‘‘ဘာဖြစ်တာလဲ’’ဟု မိမိကို မေးလိုက်သလား မပြောတတ်။မိမိလည်းပြန်ပြောလိုက်၏။ဘာပြောလိုက်သည် မသိ။ ရာဇ၀တ်အုပ်မင်း လည်းအပါးသို့ ရောက်လာ၏။မြင်းပန်ထိမ်မိန်းမ အသံချည်းပင်။ဘာများပြောကြသလဲ မဆိုနိုင်။
ရာဇ၀တ်အုပ်မင်းကား ခေါင်းတညိတ်ညိတ်နှင့်။ထိုအတွင်း လူစုလူဝေးလည်းကြီးမားလာသည်။ ကြီးမားသော လူစုလူဝေးတည်းဟူသောအဏ္ဏ၀ါပြင်ကျယ်တွင် ကိုဒေါင်းသည်စုံးစုံးမြုပ်၍ နစ်နေသည်။ မွန်းလှချည့်ဟု အောက်မေ့နေရင်းက ရာဇ၀တ်အုပ်မင်း၏လက်သည်မိမိပခုံးအား ချစ်ကျွမ်းဝင်သယောင်ပြုသည်ကို သတိထားလိုက်မိ၏။
‘‘ဲကဲ- မင်း ဘယ့်နှယ်လုပ်လိုက်တာလဲကွယ့် မောင်ဒေါင်းရဲ့ ၊ စကားမများနဲ့ ကွာ ငွေငါးကျပ်ရှာယူခဲ့ ’’ဟု ရာဇ၀တ်အုပ်မင်းသည် အမိန့် ခတ်နှိပ်ပြီးလျှင် လူထုကြီးကို ခွဲလိုက်၏။
မောင်ထင်၏++++++++++++++++++++ကိုဒေါင်း+++++

အနောက်ဘက်တစ်ခွင်မှ မိုးကလေးများညို့ ၍ ညို့ ၍၊လာတိုင်း လာတိုင်းကိုဒေါင်းသည် သူ၏မမ
ဝယ်ပေးသော တစ်ခါဝတ်ပြီးသားထားဝယ်လုံချည်ကလေးကို ငွေ၆ကျပ်ဖြင့် ထုံရိပ်အပေါင်ဆိုင်တွင် အဆုံးခံ လိုက်ရသည်ကို ပြေးပြီးအမှတ်ရသဖြင့် ယခုကိုပင်လျှင် စုတ်တသပ်သပ် ဖြစ်မိသေးလေသတည်း။
+++++++++++++++++++++++++++++++++++++++++မောင်ထင်၏++++++++++++++++++++ကိုဒေါင်း+++++
No comments:
Post a Comment