ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Monday 4 July 2011

အလုပ်များသော အိမ်ရှင်မများအတွက် နည်းလမ်းကောင်းများ

အသုံးအဆောင်များ-

မကွေးတဲ့ သံ-
သစ်သားထဲ သံရိုက်သွင်းရာမှာ သံများကွေးကောက်မသွားစေရန် ဆပ်ပြာခဲတစ်တုံးထဲ အရင်ဖိသွင်းပြီးမှ အသုံးပြုခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

ကြယ်သီးခိုင်ခိုင်-
အ၀တ်ပေါ်မှာ ကြယ်သီးသစ်တလုံး ချုပ်ပြီးတိုင်း လက်သည်းအရောင်တင်ဆီကို အပ်ချည်ပေါ်မှာ သုတ်လိမ်းပေးခြင်းဖြင့် ကြယ်သီးခိုင်ခိုင်လေးများ ရနိုင်ပါတယ်။

ကြေးအရောင်တင်-
ကြေးပန်းအိုးများ၊ အသုံးအဆောင်များကို တောက်ပလာတဲ့အထိ ပွတ်တိုက်ပါ။ ပြီး ဆပ်ပြာရည်နွေးနွေးနဲ့ ဆေးကြောကာ ခြောက်သွေ့သွားအောင် သုတ်ပေးပါ။ ပြီးနောက် မီးသိုင်းပါတဲ့ အရက်ပျံ (Methylate Spirit) နဲ့ သုတ်လိမ်းပေးပါ။ နောက်ဆုံး ယွန်းဆေးအကြည် (Clear Lacquer) တထပ်သုတ်ပါ။ တနှစ်စာ တောက်ပြောင်နေမယ့် ကြေးပန်းအိုးပါပဲ။

ပုလဲသန့်သန့်-
ပုလဲအစစ်များကို ရေငန်ငန်နဲ့ဆေးပြီး သန့်စင်နိုင်ပါတယ်။ ခြောက်သွေ့သွားတဲ့အခါ ကတ္တီပါစနဲ့ ပွတ်တိုက်ပေးခြင်းဖြင့် ဖိတ်ဖိတ်လက်နေတဲ့ ပုလဲကို ရနိုင်ပါတယ်။


မီးဖိုချောင်ထဲမှာ-
မုန်လာဥနီ အခွံချွတ်နည်း-
မုန်လာဥနီများကို ရေနွေးဆူဆူထဲမှာ သုံးမိနစ်ကနေ ငါးမိနစ်ထိ ထည့်ထားပါ။ ပြီးနောက် ရေအေးအေးထဲမှာ စိမ်လိုက်ခြင်းဖြင့် အခွံကွာကျသွားပြီးတဲ့ မုန်လာဥနီကို ရနိုင်ပါတယ်။

ပန်းသီးနီနီ မညိုလေအောင်-
အခွံသင် လှီးဖြတ်ထားတဲ့ ပန်းသီးချပ်များ ညိုပြီး နွမ်းမသွားရအောင် လှီးပြီးတာနဲ့ သံပုရာသီးအနည်းငယ် ညှစ်ပြီး သို့မဟုတ်-ဆားနည်းနည်းဖြူးပြီး ကာကွယ်နိုင်ပါတယ်။


သန့်ရှင်း လျှော်ဖွပ်ရေး-
ပီကေ ဒုက္ခ-
သင့်အ၀တ်အစားမှာ မတော်တဆ ပီကေ ကပ်မိသွားပါက ပီကေပေါ် ရေခဲတင်ပြီး ဒါမှမဟုတ်-အဆိုပါ အ၀တ်ကို ရေခဲသေတ္တာတွင်း ထည့်ခြင်းဖြင့် မာကျောသွားပါစေ။ ပြီးနောက် ပီကေကို အသာခြစ်ထုတ်ပစ်လိုက်ပြီး စွန်းနေတဲ့နေရာကို ဆပ်ပြာရည်၊ ဆပ်ပြာခဲ ခပ်ထူထူဖို့ပါ။ ရေနွေးပူထဲ ကျင်းလိုက်ပြီး ပုံမှန်အတိုင်း လျှော်ဖွပ်လိုက်ပါ။

မှိုတက်တတ်တဲ့ ရေခဲသေတ္တာ-
ရေခဲသေတ္တာရဲ့ ရာဘာလိုင်နင်တွေဟာ မှိုကြိုက်ဧရိယာများ ဖြစ်ပါတယ်။ သွားပွတ်တံအဟောင်း တချောင်းနဲ့ သွားတိုက်ဆေးကိုသုံးပြီး မှိုနဲ့ဖုန်များကပ်နေတဲ့ လိုင်နင်ကို တိုက်ချွတ်ဆေးကြောပါ။ ရှာလကာရည် သို့မဟုတ်-သံပုရာရည်ကို အ၀တ်စနှင့် တို့ပြီး သန့်ရှင်းပြီး လိုင်နင်ပေါ်တွင် သုတ်လိမ်းပါ။

ကော်လာပေါ်က နှုတ်ခမ်းနီ-
ကော်လာပေါ်မှာ ပေကျံသွားတဲ့ နှုတ်ခမ်းနီကို နွားနို့ထဲမှာ နာရီဝက်ခန့် စိမ်ပြီး ဆပ်ပြာရည်နွေးနွေးနဲ့ လျှော်ဖွပ်ခြင်းဖြင့် လက်စဖျောက်နိုင်ပါတယ်။

လက်လက်ထ ကြမ်းပြင်-
တိုက်ဆေးပြီးသား ကျောက်ပြားကြမ်းပြင်များ၊ ကြမ်းခင်းကျောက်ပြားများ မှိန်နေတတ်တာ သတိထားမိကြမှာပါ။ ထမင်းစားဇွန်း နှစ်ဇွန်းစာ ရှာလကာရည်ကို ရေပုံးငယ်တပုံးနဲ့ရောပြီး နောက်တထပ် တိုက်လိုက်ပါ။ လက်ထနေတဲ့ ကြမ်းပေါ်ကို မှန်ကြည့်ရသလို တောက်ပကြည်လင်နေတာ တွေ့ပါလိမ့်မယ်။

အိမ်မှာ ပန်းတွေစိုက်ထားလား-
 အချို့ဆိုရင် အိမ်ထဲမှာ ပန်းအိုးလေးတွေ
အလှထားကြတယ်။ ပန်းပင်က အရွက်လေးတွေ တောက်တောက်ပပ ဖြစ်ချင်လား။
နွားနို့ကို အဝတ်လေးနဲ့ စွတ်စွတ်ပြီး အရွက်လေးတွေကို ပွတ်ပေး။


 Ref; Motherhood Magazine.
June 18, 2011 ရက် ၊ 11:10am တွင် May Thuzar Kyawရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။

No comments:

Post a Comment