“ တပည့်တော်ကို ကယ်ပါဦး ”
အပြစ်သားက ရဟန်းတော်ကြီးကို ဦးချစဉ် အာဏာသားက ၀င်ပြော၏။
“ သူဟာ မခုတ်ရမယ့် သစ်ပင်တွေကို လျှောက်ခုတ်ပါတယ်ဘုရား ”
“ဆောင်းရာသီမို့အနွေးဓာတ်လိုလို့ပါ ထင်းအတွက်ခုတ်မိတာပါ၊ အရှင်ဘုရား...တပည့်တော်ကိုကယ်ပါ”
“ပူအိုက်တဲ့နွေရာသီမှာ ဒီသစ်ပင်တွေက အရိပ်ပေးမှာကိုရော မတွေးမိဘူးလား ဒကာကြီး ။မျက်လုံးနှစ်လုံးရှိပြီး ဘာဖြစ်လို့ တစ်လုံးတည်းနဲ့ ကြည့်ရတာလဲ ”
ရဟန်းက မျက်လွှာချ၍ ထိုသို့ပြောသောအခါ သူတို့အားလုံး ငြိမ်သက်သွားကြသည်။
“ မကယ်နိုင်တာကို ခွင့်လွှတ်ပါဒကာ။ ဗုဒ္ဓလမ်းစဉ်ကို နားလည်ပါ။
ဗုဒ္ဓဟာ ကယ်တင်ရှင်မဟုတ်ဘူး၊ ဗုဒ္ဓဟာ လမ်းညွှန်သင်ကြားသူဆရာသာ ဖြစ်တယ်၊
ကိုယ့်ကိုကိုယ်သာ ကယ်တင်ရလိမ့်မယ်ဒကာကြီး ” ဟုမိန့် ကြားရင်း
သူတို့ကို ဥပေက္ခာပြုပြီး ရဟန်းလည်း ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားလေသည်။
@တာရာမင်းဝေ
ကျနော်တို့ မှာ မှားယွင်းတဲ့အသိတစ်ခုကို ဘိုးဘွားဘီဘင်ကတည်းက လက်ဆင့်ကမ်းသွန်သင်ဆုံးမ လာခဲ့ကြတာ ခုချိန်ထိဆိုပါတော့။ အဲဒါကတော့ ‘ထမင်းစားဖို့  အလုပ်လုပ်ရမယ်’ ဆိုတာပါပဲ။ထမင်းစားရဖို့ လောက်သာရည်ရွယ်ပြီး အလုပ်လုပ်ကြရမယ်ဆိုရင်…….. ။
ကျနော်တို့ တွေဟာ ဘယ်လိုများ ထူးထူးချွန်ချွန်ဖြစ်လာနိုင်တော့မှာလဲ။
ဒီလိုမျိုးရှိတဲ့ မိဘရဲ့ စကားကိုမြေဝယ်မကျနားထောင်ခဲ့တဲ့ ‘ဖိုးထယ်’ဆိုတဲ့သူတစ်ယောက်ဟာ..
ပထမအရွယ် မောင်ဖိုးထယ် ၊လယ်ကိုထွန်ယက်နေပါသည်။
ဒုတိယအရွယ် ကိုဖိုးထယ် ၊လယ်ကိုထွန်ယက်နေပါသည်။
တတိယအရွယ် ဦးဖိုးထယ် ၊လယ်ကိုထွန်ယက်နေပါသည်။ ဆိုပြီးတော့ဘဲ ရှိနေတော့မှာပေါ့။
တစ်ကယ်ထူးချွန်ဖို့ ကြိုးစားတဲ့ သူတွေကိုလည်း ‘ လူနေခြုံကြား၊ စိတ်နေဘုံဖျား’ ဆိုပြီး နာမ်နှိမ်ကြသေးရဲ့ ။
ကောင်းပြီ လူနေလည်းခြုံကြား၊ စိတ်နေကလည်းခြုံကြားဘဲဆိုရင်ကော……...။ဘာဖြစ်လာမလဲ။
အင်း..........ခွေးဖြစ်ဖို့ဘဲ ရှိတော့မပေါ့နော။
ကျနော်တို့ မြန်မာအိမ်ထောင်ဦးစီးယောက်ျားအများစုဟာ တလွဲစေတနာလွန်ပြီးဖြစ်စေ၊ တလွဲမာနကြောင့်ဖြစ်စေ……
‘‘ဟေ့…ငါအလုပ်လုပ်နိုင်သေးတယ်ကွ၊ ငါအလုပ်လုပ်နိုင်တဲ့အထိ မင်းဘာမှလုပ်စရာမလိုဘူး’’ လို့  ပြောတတ်ကြပါတယ်။ ဒါဟာ-
မိန်းမကို အိမ်ဖေါ်သာသာဖြစ်အောင် လုပ်ပစ်လိုက်တာနဲ့ အတူတူပါပဲ။
တစ်နည်းအားဖြင့်ပြောရမယ်ဆိုယင် မင်းလူရာမဝင်ပါဘူးကွာလို့  နှိမ့်ချထားတာ။
‘ပါပီကလေးပုတုတု သူ့ စကားကဝုဝု၊ သူ့ စကားလူမသိ လူ့ စကားသူမသိ၊ သနားပါဘိ’’ ဆိုပြီး
ကိုယ့်ပုတုတုလေးတွေကို အိမ်မှာဘဲထားတတ်ကြတယ်။ ဒါကို အဟုတ်ကြီးမှတ်ပြီး ...
‘‘ကျမယောက်ျားက လစာကောင်းတယ်လေ။ ကိုကိုကကျမကိုအလုပ်မလုပ်ရဘူးတဲ့’’ ဆိုပြီး မရှက်မကြောက် လျှောက်ပြော နေတတ်တဲ့ အရူးလိုလိုအပေါလိုလိုမိန်းမအချို့ ကိုလူအေးတို့  စလုံးမှာတွေ့ ရတတ်ပါတယ်။
ဒီလိုအရူးလိုလိုအပေါလိုလိုမိန်းမအချို့ ကို တိုက်တွန်းချင်ပါတယ်။မိမိကိုယ်ကို ယုံကြည်ပါ။
ကိုယ့်ကိုယ်ကို ဘယ်တော့မှလျှော့မတွက်ပါနဲ့။ ကိုယ့်ကိုယ်ကို မယုံကြည်တော့ဘူးဆိုရင် ဘယ်လိုမှ အလုပ်လုပ်လို့မရနိုင်ပါဘူး။
ကျနော် အင်တာနက်ပေါ်မှာဖတ်လိုက်ရတဲ့ ဟာသလေးကိုပြန်ပြောပြချင်ပါတယ်။ဒီလိုပါ-
အဆိုသင်တန်းတစ်မှာ သင်တန်းသူတစ်ဦးက နည်းပြဆရာကို ဝမ်းနည်းပက်လက်နဲ့ မေးတယ်တဲ့။
"ဆရာ။ ကျွန်မကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါဆရာ။ ကျွန်မအသံကတစ်ကယ်ဘဲ သုံးစားလို့ မရတော့ ဘူးလားရှင့်"
"ဟာ...ဒီလိုလဲ မဟုတ်ပါဘူး။ ဥပမာ - မီးလောင်တာတို့၊ ရေနစ်တာတို့ 
ဓပြတိုက်ခံရတာတို့ ဆိုရင် ခင်ဗျားအသံဟာအစားထိုးလို့ ကိုမရနိုင်ဘူး။ တကယ်ပြောတာပါဗျာ" တဲ့လေ။
တိုက်တွန်းချင်ပါတယ်။ကိုယ့်ပုတုတုလေးတွေကို အိမ်မှာဘဲထားတဲ့ ယောက်ျားသားတွေကလည်း
သူတို့ မှာအစားထိုးမရတဲ့ အသံမျိုးတွေရှိတတ်တယ်ဆိုတာ ယုံကြည်ပေးလိုက်ပါ။
တစ်ချို့ ကြတော့လည်းမိန်းမက အလုပ်ရှိရင်ယောက်ျားကိုအရက်ဖိုးပေးပြီး ဘာမှသုံးစားလို့ မရတဲ့ ငတုံးဘဝ ရောက်အောင် လုပ်ပစ်တတ်ကြပါတယ်။(မလုပ်လည်း လုပ်သလိုဖြစ်သွားတယ်မဟုတ်လား)။
မိန်းမအလုပ်ရှိတဲ့အချိန်မှာ ယောက်ျားက ထိုင်စားတယ်။
ယောက်ျားအလုပ်ရှိတဲ့အချိန်မှာ မိန်းမကထိုင်စားတယ်နဲ့  တစ်ယောက်တစ်လှည့်ထိုင်စားရင်း
နှစ် ယောက်စလုံး တုံးသွားတဲ့ဘဝကိုရောက်သွားကြပြီး ဘဝကိုမပြည့်မစုံ၊ စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ 
လျှောက်နေ ကြရသူ တွေကိုမြင်ဘူးကြပါလိမ့်မယ်။
ဟုတ်ပါ့မလားမောင်ကာဠုရဲ့ လို့ ဆိုရင်လည်း ဒါ့ထက်ပိုကြောင်းပါခဗျား။
မတ်တတ်စာ(ထမင်းစားရဖို့ လောက်သာ)ဆိုတာလွယ်ပါတယ်။
အဲ….ကြီးပွါးချမ်းသာဖို့ ဆိုတာအသာထား ။တုံးလုံးစာအတွက် ဘယ်လို ‘ Plan ’ ချမလဲ။စဉ်းစားသင့်ပါတယ်။
အသက်တစ်ချောင်းမသေဖို့  သေရေးရှင်ရေးကုသဖို့ ငွေကြေးလိုအပ်လာတဲ့အခါ …..
ငါ့လက်ထဲကလွတ်‘ ဗြွတ်’ ဆိုပြီးတော့ပဲ
ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို သေမင်းလက်ထဲ ဝကွက်အပ်လိုက် ရလို့  စိတ်သောကဝေဒနာ
ခံစားနေကြရ သူတွေကိုလည်းမြင်ဘူးကြပါလိမ့်မယ်။
အဲဒါကြောင့်…
ပြည့်စုံတဲ့ ပျော်ရွှင်မှုရဖို့ နည်းဗျူဟာ၊ မဟာဗျူဟာ၊ စူဠဗျူဟာတွေ ချမှတ်ကျင့်သုံးရပါလိမ့်မယ်။
ရှေ့မှာပြောခဲ့တဲ့ ကိုယ့်ကိုယ်ကိုယုံကြည်ပါဆိုတာက ကိုယ်ဟာလုပ်နိုင်ကိုင်နိုင်စွမ်းရှိသူ တစ်ယောက်အဖြစ် ယုံကြည်ဖို့ကိုဆိုလိုတာပါ။ ငါကတော့ ဘယ်တော့မှအမှားလုပ်မယ့် လူစားမျိုးမှမဟုတ်တာ ဆိုတဲ့ အထိ ယုံကြည်ဖို့ပြောတာမဟုတ်ပါဘူး။