လွန်ခဲ့တဲ့ ၂-နှစ်လောက်က
ကိုလူအေး ကိုယ့်မိသားစု၊ကိုယ့်ဆွေမျိုး၊ကိုယ့်သူငယ်ချင်းတွေကိုတွေ့ ချင်တဲ့အတွက်အလည်ပြန်ခဲ့ပါတယ်။ အဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်လို့ ပါ။
ကျနော်သူငယ်ချင်းတွေကိုခေါ်ပြီး စားသောက်ဆိုင်တစ်ဆိုင်မှာ သွားပြီးစားသောက်ကြပါတယ်။
ရှေးဟောင်းနှောင်းဖြစ်တွေပြောကြဖို့  ရည်ရွယ်ချက်သက်သက်နဲ့ ပါပဲ။
ဒီလိုနဲ့ စကားတွေပြောကြရင်း ကျနော့ အလုပ်နဲ့ ပတ်သက်ပြီးမေးလာကြတဲ့အခါ ကျနော်ဟာ အလုပ်အမျိုးမျိုး လုပ်ခဲ့ရတာကို အမှန်အတိုင်း ဝန်ခံခဲ့ပါတယ်။
လက်ရှိ Production Manager တာဝန်ယူနေရကြောင်း၊ဟိုအရင် QC Technician, Production Coordinator တွေလုပ်ခဲ့ပြီး Wood Process စက်ရုံမှာ Engineer လုပ်ခဲ့တုန်းကဆို လက်မှာ သစ်စတွေမှန်ထားခဲ့ဖူးတဲ့ အမာရွတ်တွေကိုပြရင်းနဲ့ ပေါ့။
အဲဒီမှာတစ်ယောက်ကထပြောတယ် မင်းတို့ ဟာ သူများတိုင်းပြည်သွားပြီးကျွန်ခံနေကြတာပါကွာတဲ့။
ဟုတ်ကဲ့...ကျနော်တို့ အငြိမ့်ကြည့်ကြတဲ့အခါမှာ ကြည့်ဘူးကြပါလိမ့်မယ်။
လူရွှင်တော်တွေဟာ ပြက်လုံးထုတ်ရင်း ဆဲချင်တော့ ပရိတ်သတ်လည်းနားမရှက်အောင် ဆဲမှန်းလည်း သိအောင် တာရိုးကသွား ဆိုပြီး နှဲကြီးမှုတ်ပြီး ပြောတတ်ကြတယ်ဗျ။
ဟီး ..ဟီး..ကျနော်လည်း နှဲကြီးသာ ကောက်မှုတ်လိုက်ရ မကောင်းရှိတော့မယ်လို့ ကိုယ့်ဟာကိုယ် တွေးပြီး ပြုံးမိတယ်။
ဖြတ်သန်းလာခဲ့တဲ့ဘဝအတွေ့ အကြုံအရ မုန်းစကိုတိုစေ၊ ချစ်စကိုရှည်စေဆိုတဲ့စကားကိုလက်ကိုင်ထားပြီး
ကလေးအတွေးသာရှိတဲ့ ဒီငတကို ကလေးအရွယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ကာတွန်းဇါတ်ကောင်လို
‘‘ ဟိုက်…ရှားပါးစ်’’ လို့ ပဲ အော်ပြီး အလေးပြုခဲ့ပါတယ်။
ကျန်တဲ့ကောင်တွေကလည်း သူ့ ကိုချီးကျူးကြတယ်။‘‘ အစလ တို့ ကတော့ကွာ’’ တဲ့။
သြော် ကျနော်တို့ ပြောတဲ့ အ၊စ၊လဆိုတာ ဟိုဟာကိုပြောတာ‘အိပ်၊ စား၊ အဝှါ’ လေ။
သူလည်းအိမ်ထောင်ကျလို့  သားသမီးတွေရနေပြီ။
ချမ်းသာတဲ့မိဘရဲ့  ပေးကမ်းစာနဲ့ ဘဝကိုရပ်တည်နေပြီးသူများပေးစာကမ်းစာမျှော်လင့်စောင့်စားရတဲ့ဘဝကို ဂုဏ်ယူကျေနပ်နေရှာပါလားလို့  အံ့သြ သနား ဖြစ်သွားရပါတယ်။
ကျနော်ငယ်ငယ်က ရွတ်ဆိုခဲ့ရတဲ့ ကျောင်းသင်ခန်းစာလေးတစ်ခုကိုလည်းသွားသတိရမိသေးရဲ့ ။
‘သားတစ်ယောက်အဖြစ် ချစ်၍တစေ အိမ်မှာနေပြီး ပညာကိုမသင်ယူခိုင်းမိလေတော့ မိဘနှစ်ပါးသေဆုံးသွားပြီးတဲ့နောက် ခွက်ကိုဆွဲပြီး သူတောင်းစားဘဝနဲ့ သေဆုံးသွားရရှာတဲ့ အထည်ကြီးပျက် ကုဋေရှစ်ဆယ်သူဋ္ဌေးသားဇါတ်ကြောင်းလေးပါ’ လက်တစ်ဖက်က တောင်ဝှေးထောက်ပြီး တစ်ဖက်ကတော့ ခွက်ကလေးကိုဆွဲလို့ ပေါ့။ ( အဟေး... ဟေး ...အရသာရှိလိုက်တာ )
ကိုယ်ပိုင်ကားနဲ့  အငှါးလိုက်ရင် ‘Private Taxi’ ကျနော်တို့ ခေါ်ကြသလို။
ကိုယ့်ဘဝကို ကိုယ့်ဘာသာရပ်တည်ရတော့မယ့်အရွယ်မှာ မိဘဆီမှာလက်ဖြန့် ပြီး တောင်းစား နေကြတဲ့ သူတွေကို ကျနော်တို့  ဘယ်လိုခေါ်ကြမလဲ။
ကျနော်ကတော့ ‘Private Beggar’’ လို့ ဘဲ ပြောလိုက်ချင်ပါတယ်။
ကျနော်တို့ ဟာ ရေကြည်ရာ မြက်နုရာဆိုသလို စီးပွါးရေးချွတ်ချုံကျနေတဲ့ မိခင်တိုင်းပြည်ကို ခေတ္တခွဲခွါပြီး ခရီးတစ်ထောက်နားနေကြတာပါ။ ကိုယ့်ရဲ့ အသိပညာ၊ အတတ်ပညာတွေနဲ့ ဘဝကိုရပ်တည်နေကြတယ်။
ကောင်းပြီ- မိခင်တိုင်းပြည်မှာဘဲ ကိုယ့်ရဲ့ အသိပညာ၊ အတတ်ပညာတွေနဲ့ ဘဝကိုရပ်တည်နေကြတဲ့ သူတွေကိုကော ဘယ်လိုပြောမလဲ။
‘‘ဟိုက်….ရှားပါးစ်’’ လို့ ထပ်ပြီး မအော်ပါရစေနဲ့ ဗျာ။
No comments:
Post a Comment