ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။
Sunday 15 January 2012
ဘ၀ဟာ အဓိပ္ပါယ်ရှိတယ်၊ ဒါကြောင့် နေပျော်ပါတယ်။(၁)‘ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး’
မင်္ဂလာပါ။
မလိုတမာသူတွေကဖွလိုက်ပြီး အရူးအပေါတွေက လိုက်ကြောက်ခဲ့တဲ့ ကမ္ဘာကြီးပျက်လိမ့်မယ်ဆိုတဲ့
၂၀၁၂ ရောက်ရှိလို့ လာပါပြီ။
တကယ်တော့ ဘယ်ကိစ္စ၊ ဘယ်အကြောင်းအရာပေါ်မှာမဆို ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး လို့ ပဲ စိတ်ကိုရှင်းရှင်း ထားကြည့်ပါ။
လောကကြီးဟာ နေပျော်စရာကြီးဆိုတာ ဘယ်သူမှငြင်းနိုင်တော့မယ် မဟုတ်ပါဘူး။
ကဲ....လက်ရှိဘဝကိုပဲ ကျနော်တို့ စဉ်းစားကြည့်ကြပါစို့ ။
ကျွန်တော်တို့တွေ စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ကျေနပ်တယ်၊ မကျေနပ်ဘူးဆိုတဲ့ ခံစားချက်တွေဟာ ကိုယ်က ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့ နှိုင်းယှဉ်လိုက်ရာက စတာပါ။
ကိုယ့်ထက်ပိုပြီး ပြည့်စုံသူတွေနဲ့ နှိုင်းယှဉ်မိလိုက်တဲ့အခါ စိတ်မကောင်းဖြစ်တတ်ပါတယ်။
ကိုယ့်လောက်မှမပြည့်စုံတဲ့ သူတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့ အခါကျပြန်တော့လည်း
ကျေနပ်တဲ့စိတ်က ဖြစ်သွားပြန်ပါရော။
ဒါပေမယ့် ဘယ်နည်းနဲ့ပဲကြည့်ကြည့် ရှိနေတဲ့အမှန်တရားကတော့ ဒီအတိုင်းပါပဲ။
အဲဒီတော့.... ကိုယ်က ကိုယ့်ဘ၀ကို အခြားသူတွေနဲ့ နှိုင်းယှဉ်ကြည့်တော့မယ်ဆိုရင် အဓိပ္ပါယ်ရှိရှိနှိုင်းယှဉ်တတ်ရပါမယ်။
ဒါမှသာ ကိုယ်ကဘယ်လိုလူမျိုးလဲ၊ ကိုယ့်မှာ ဘာတွေရှိသလဲဆိုတာတွေနဲ့ ပတ်သက်ပြီးလုံခြုံစိတ်ချတဲ့ ခံစားမှုဖြစ်ပေါ်ပါလိမ့်မယ်။
လက်တွေ့ကျတဲ့ မျှော်မှန်းချက်များတွေသာထားပါ။
ပျော်နေတဲ့သူတွေဟာ သူတို့လိုချင်သမျှကို ရနေကြတာမဟုတ်ပါဘူး။
ဒါပေမယ့် သူတို့ရနိုင်တာကိုပဲ အလိုချင်ဆုံးဖြစ်နေတတ်ကြပါတယ်။
ရှင်းရှင်းဆိုရရင် သူတို့နဲ့လက်လှမ်းမီနိုင်လောက်တဲ့ အရာတွေကိုပဲတန်ဖိုးထား ဖို့ ရွေးချယ်ရင်းက ကိုယ့်အကြိုက်နဲ့ ကိုယ်လိုချင်တာတစ်ထပ်တည်း ဖြစ်လာအောင်ညှိယူကြတာပါ။
ဘ၀ကိုမကျေမနပ်ဖြစ်နေကြတဲ့ သူတွေကတော မကြာခဏဆိုသလို သူတို့လက်လှမ်းမမီနိုင်တဲ့ အရာတွေရအောင် လိုချင်တက်မက်ရည်မှန်းထားကြပါတယ်။ 
ဒီတော့ကာ ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်ဘ၀ပေးအခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ လိုအပ်ပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျနော်တို့ ရွာမှာ ကိုမောင်ရိုးဆိုတဲ့သူတစ်ယောက်ရှိတယ်။ သူက စာလုံးဝမတတ်ရှာဘူး။
ကိုမောင်ရိုး….။ဆင်းရဲတယ်။
ကူတို့ သမ္ဗန်ခတ်တဲ့ မောင်ရိုးဆို တစ်နယ်လုံးသိကြပါတယ်။
ဇီးကွက်မ….။သူတို့ မိသားစုလည်း ဆင်းရဲရှာတယ်။
မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ချစ်တော့ချစ်စရာလေး။ အသားဖြူဖြူ တောင့်တော့်ဖြောင့်ဖြောင့်နဲ့ 
သူတို့ နှစ်ယောက်သမီးရည်းစားဖြစ်ကြ လို့  ရွာဦးစေတီမှာချိန်းတွေ့ ကြရော။
ဇာတ်လမ်းက အဲဒီမှာစတာ…..။
ချိန်းထားတဲ့ညနေမှာ ကိုမောင်ရိုးက ဘုရားလှေကားထစ်မှာထိုင်စောင့်နေတယ်။
သူ့ အဖိုးလက်ထက်ထဲက အမွေဆက်ခံခဲ့တဲ့ ဘန်ကောက်ပုဆိုးကိုထုတ်ဝတ်လို့  ရှိုးနဲ့  စမိုးနဲ့ ပေါ့။
ဇီးကွက်မလည်း ဗီဒီယိုထဲကမင်းသမီတွေလို ခေါင်းလေးကိုငုံ့ ပြီးတစ်လှမ်းချင်းတက်လာ၊ အနားရောက်တော့မှ ပြုံးပြုံးကြီးနဲ့ စောင့်နေတဲ့ ကိုမောင်ရိုးကို မော့ကြည့်လိုက်တော့…..
‘ဟင်’
ဇီးကွက်မ ခန္တာကိုယ်တစ်ခုလုံးနတ်ပူးသလိုပဲကတုန်ကယင်ဖြစ်သွားတယ်။ ချက်ချင်းပဲ ဆတ်ကနဲလှည့်ပြီး ပြန်ဆင်းပြေးသွားတယ်။ ကြောင်ပြီးကြည့်နေတဲ့ ကိုမောင်ရိုးလည်း အပြေးလိုက်ရင်း…
‘‘ဇီးဇီးရယ် ခဏနေပါအုန်း၊ ငါနင့်ကိုသစ္စာဆိုပြမလို့ စိတ်ကူးထားတာ၊ ငါတကယ်သစ္စာဆိုပြမလို့ ’’
‘‘အို…မပြနဲ့ ၊ မပြနဲ့ ၊ ကြည့်ရဲဘူးတော့’’
ဒူးတွေတုန်နေတဲ့ ဇီးကွက်မ ထိုင်မလို့ လုပ်ပြီးတော့မှ မထိုင်ရဲပြန်ဘူး။ သူမထိုင်ရင် သူပါလိုက်ထိုင်မှာလေ။
သူကပါလိုက်ထိုင်လိုက်ရင်…အောင်မလေး စဉ်းစားရင်းတောင်ကြက်သီးမွေးညှင်းတွေပါ ထလာတယ်။ မကြာဘူး။ အနားကိုရောက်လာတဲ့ ခြေသံကိုကြားရတယ်။ လှည့်မကြည့်ရဲဘူး။
ဇီးကွက်မအကြည့်က မလှမ်းမကမ်းငှက်ပျောတောမှာ။
ငှက်ပျောရွက်နှစ်ခက်ကြားက ငှက်ပြောသီးတွေအခိုင်လိုက်တွဲကျနေတာကိုကြည့်ပြီး ရင်တွေကို တုန်လို့ ။
ဟုတ်ကဲ့ အဲဒီနေ့ မှာပဲ -
သူ့ အဖေနဲ့ အမေအမွေပေးခဲ့လို့  အကောင်းဆုံးဒါပဲရှိတယ်ဆိုတဲ့
ဆွေးမြည့်လို့  ဖင်ကွဲနေတဲ့ဘန်ကောက်ပုဆိုးတစ်ထည်ပိုင်ရှင်ကိုမောင်ရိုးတို့ သမီးရည်းစား ခိုးရာလိုက်ပြေးသွားကြပါတယ်။
ကျနော်ဒီသတင်းကြားတော့ သူတို့ အစားစိတ်ညစ်လိုက်တာ။ ဘယ်လိုနေပြီး ဘယ်လိုစားကြမလဲပေါ့။ (တကယ်တော့ သူတို့ လည်းသူတို့ အလျှောက် စမတ်ကို ဂွမ်နေတာပဲ…. ဟီဟိ။ဆိုပြီးပျော်နေကြမှာပါပဲ)
ဒီသတင်းကို ရန်ကုန်ကအိမ်ကိုလာပြောတာက ဇီးကွက်မအမေ။ မင်္ဂလာဆောင်ဖို့ ဆိုပြီး အဖွါးပိုက်ဆံပေးလိုက်တာတော့တွေ့ တယ်။
ရိုးရိုးကျင့်၊ မြင့်မြင့်ကြံမဟဆိုပြီး ဝန်ထမ်းဘဝနဲ့ မီးရထားလမ်းဖေါက်ရာ နယ်စုံလျှောက်သွားနေရင်း ရွာကိုပြန်မရောက်လို့ သူတို့ ကို မေ့နေမိတယ်။
လော်ပန်လူအေးဖြစ်ချင်တဲ့ကျနော်လည်း နောက်ဆုံး ဘယ်လိုမှမတတ်နိုင်တော့ စင်္ကာပူထွက်ပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။ နိုင်ခံခြားမထွက်ခင် ရွာကိုအလည်ပြန်တော့
ဇီးကွက်မက ကိုရိုးဝက်သားတစ်တွဲရလာလို့ အိမ်မှာထမင်းလာစားပါလို့ ခေါ်တယ်။
ဒါသူတို့ အတွက်တော့ နေ့ ထူး ရက်မြတ်ပေါ့။
ဝက်သားဟင်းဆိုတာ သူတို့ အတွက်တော့ ၁လမှာ၁ရက်တောင်စားရတာမှမဟုတ်တာ။
ညနေကျနော်သူတို့ အိမ်ရောက်မှ ဇီးကွက်မကထမင်းအိုးထတည်တယ်။ ထမင်းပူပူလေးစားရအောင်လို့ တဲ့။ ကျနော်နဲ့ ကိုမောင်ရိုး ရေနွေးကြမ်းသောက်နေတုန်း မူလတန်းအရွယ်ခလေးလေးတစ်ယောက် အိမ်ပေါ်တက်လာတော့  .....
‘‘ဒါ ငါ့သားလေကွာ၊ ဟေ့ ငါ့သားမင်းလည်းမောင်လူအေးလို အင်္ဂျင်နီယာဖြစ်အောင်စာကြိုးစားနော်’’ ဆိုတော့ ကောင်လေးက ရွှတ်ကနဲ နှပ်ချေးရှုံ့ လိုက်ရင်း
‘‘ကျနော်လည်း စာတွေတတ်နေပါပြီဗျ’’ လို့ ပြောပြီး သူ့ စာအုပ်တွေ သွားယူလာတယ်။
ခဲတံကိုကိုင်လိုက်ပြီး တစ်အိမ်လုံးလှည့်ပတ်ကြည့်ရင်း သူ့ အမေထမင်းအိုးတည်နေတာကိုကြည့်ပြီး ‘ဆန်’ လို့ ရေးလိုက်တယ်။ပြီးတော့ အဖေဒီမှာကြည့်ဆိုတော့ ကိုမောင်ရိုး ရွာလည်တော့တာပဲ။သူမှစာမတတ်တာ။ ဇီးကွက်မ မြင်အောင်စာအုပ်ကိုမသိမသာထောင်ပြလိုက်တယ်။ ဇီးကွက်မက ထမင်းအိုးကို လက်ညှိုးထိုးပြတော့
‘‘ထမင်းတဲ့လား ငါ့သားစာတွေတော်တော်ရေးတတ်နေပြီပဲ’’ လို့  သူ့ သားကို ရွှီးတော့တာပဲ။ ကျနော်လည်းမနေနိုင်တာနဲ့ ......
‘‘ကိုမောင်ရိုးတို့ များဗျာ ကွက်ကျော်ကိုမြင်တယ်၊ သားက ဆန်ဆိုတာနဲ့  ထမင်းလို့ တန်းပြောတော့တာပဲ’’
လို့ ဝင်ရှင်းပေးလိုက်ရတယ်။ သားကလည်းသူ့ အဖေကွက်ကျော်မြင်တယ်ဆိုလို့ သဘောတွေကျလို့ ပေါ့။
 ပြီးတော့ နံရံမှာကပ်ထောင်ထားတဲ့ ပုလင်းကိုကြည့်ပြီးထပ်ရေးတယ်။‘ အရက်’ တဲ့။
ထုံးစံအတိုင်း သူ့ မိန်းမကိုထောင်ပြပြန်တယ်။အဲဒီတော့ ဇီးကွက်မက....
‘‘ရှင်ကြိုက်တဲ့ ဟာလေ’’ လို့ လှမ်းပြောတော့ ကိုမောင်ရိုးတော်တော်ကြီးငြိမ်ပြီး စဉ်းစားနေတယ်။ပြီးတော့ ဘာကိုဘယ်လိုအတွေးပေါက်တယ်မသိဘူး။
‘‘ဟေ့…မင်းတို့ ကလေးတွေကို ဒီလိုညစ်ညစ်ပတ်ပတ်တွေ ကျောင်းကသင်မပေးသင့်ဘူး’’ တဲ့ လေ။
ဟုတ်ကဲ့ ...
ဘဝဆိုတဲ့ရထားကြီးနဲ့ ခရီးသွားနေကြတဲ့ လုပ်သားပြည်သူအပေါင်းတို့ ခဗျာ။
သူရရှိနေတာ(သူပိုင်ဆိုင်နိုင်ခွင့်ရှိတာ)ကိုပဲ အကြိုက်ဆုံးပါလို့ စိတ်ထားတတ်တဲ့
ဆင်းရဲသား ကူတို့  သမားကိုမောင်ရိုးကလည်း ပြောပါလိမ့်မယ်။
‘‘လောကကြီးနေရတာ စမတ်ကိုဂွမ်နေတာပဲ ကိုယ့်လူရေ’’  လို့ ပဲပေါ့။
No comments:
Post a Comment